Samsung TV မော်ဒယ်အသစ်တွေမှာ ကွန်ပျူတာနဲ့ ဖုန်းက Apps တွေကို တီဗီကနေ ထိန်းချုပ်နိုင်စွမ်း ပါဝင်လာတော့မှာ ဖြစ်ပါတယ်။
အဆိုပါ “Remote Access” စွမ်းဆောင်ရည်ကို ၂၀၁၉ ခုနှစ် ထုတ်မယ့် Samsung စမတ်တီဗီ မော်ဒယ်အသစ်တွေမှာ စတင် အသုံးပြုနိုင်မှာပါ။ စားပွဲတင်ကွန်ပျူတာ၊ လက်ပ်တော့၊ ဖုန်းတို့မှာ သွင်းထားတဲ့ ကိုက်ညီတဲ့ Apps တွေကို တီဗီကနေ ကြည့်နိုင်၊ ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။
စားပွဲတင်ကွန်ပျူတာ ဆိုရင် IP ကွန်ရက်၊ လက်ပ်တော့နဲ့ မိုဘိုင်းဖုန်းတွေဆိုရင် Wi-Fi ကွန်ရက်ကနေ တဆင့် တီဗီကို ချိတ်ဆက်နိုင်မှာပါ။ ဆိုလိုတာက ဧည့်ခန်းက Samsung စမတ်တီဗီကို မောက်စ်နဲ့ ကီးဘုတ် ချိတ်ဆက်လိုက်ရုံနဲ့ အိပ်ခန်းထဲမှာ ရှိတဲ့ ကွန်ပျူတာကို အဝေးက လှမ်းထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။
ဖုန်းထဲက ဂိမ်းတွေကို Screen ကြီးကြီးနဲ့ ကစားချင်တယ်ဆိုရင်လည်း တီဗီကနေ ကစားနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Web Browser အခြေပြု Cloud နည်းပညာသုံး ဖိုင်တွေကိုလည်း တီဗီကနေ တိုက်ရိုက် ဖွင့်ကြည့်နိုင်မှာ ဖြစ်ပါတယ်။
“သုံးစွဲသူအတိုင်းအတွက် လွယ်ကူ အဆင်ပြေတဲ့ အတွေ့အကြုံကို ဖန်တီးပေးစွမ်းနိုင်ဖို့ Samsung က ကြိုးပမ်း အားထုတ်လျက် ရှိပါတယ်။ Remote Access ကြောင့် အသုံးပြုသူတွေအနေနဲ့ ချိတ်ဆက်ထားတဲ့ Devices များစွာက အမျိုးမျိုးသော ပရိုဂရမ်၊ အက်ပ် နဲ့ Cloud ဝန်ဆောင်မှုတွေကို တီဗီ Screen နဲ့ အလွယ်တကူ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်”
“အသုံးပြုသူတွေကို ဝန်ဆောင်မှုတွေ ပိုမို ချိတ်ဆက်ပေးစွမ်းနိုင်ဖို့အတွက် မိတ်ဆက်ကုမ္ပဏီတွေနဲ့ ဆက်လက်ပူးပေါင်းပြီး၊ Remote Access လုပ်ဆောင်နိုင်စွမ်း ကျယ်ပြန့်အောင် ဆောင်ရွက်သွားဖို့ ရှိပါတယ်”လို့ Samsung Electronics ရဲ့ Visual Display Business ရဲ့ ဒု-အမှုဆောင်အရာရှိချုပ် Hyogun Lee က ပြောကြားပါတယ်။
ဒါကြောင့် Remote Access လုပ်ဆောင်ချက်ကို ကွန်ပျူတာနဲ့ ဖုန်းတိုင်း၊ OS တိုင်းက ပရိုဂရမ်တိုင်းနဲ့ အသုံးပြုနိုင်ဦးမှာ မဟုတ်ပါဘူး။ တချို့ Apps တွေ၊ ပရိုဂရမ်တွေနဲ့ပဲ အလုပ်လုပ်ဦးမှာပါ။ ဒါပေမဲ့ Samsung ဘက်က တဖြည်းဖြည်းနဲ့ အားလုံး အသုံးပြုနိုင်အောင် လုပ်ဆောင်ပေးမှာပါ။
ယခု လုပ်ဆောင်ချက်ကို ဈေးကွက် မကန့်သတ်ထားဘဲ နိုင်ငံတိုင်းမှာ ရောင်းချမယ့် ၂၀၁၉ Samsung စမတ်တီဗီ မော်ဒယ်အသစ်တွေမှာ ပါဝင်လာမယ်လို့ သိရပါတယ်။
Ref: Engadget, Gizmodo