IT

တည်နေရာ သိနိုင်တဲ့ စမတ်ကျောင်းဝတ်စုံများ တရုတ် စာသင်ကျောင်းတွေမှာ စတင်အသုံးပြု

တရုတ်နိုင်ငံ တောင်ပိုင်းက စာသင်ကျောင်းတွေဟာ ကျောင်းသား၊ ကျောင်းသူတွေကို ကွန်ပျူတာချစ်ပ် ထည့်သွင်းထားတဲ့ ကျောင်းဝတ်စုံတွေ ဝတ်ဖို့ စည်းကမ်းချက် ထုတ်လိုက်ပါတယ်။ အဆိုပါ “စမတ်ကျောင်းဝတ်စုံ” တွေဟာ ကျောင်းသားတွေရဲ့ လှုပ်ရှားမှုကို သိရှိနိုင်ပြီးအတန်းချိန် မတက်ရောက်ပါက သတိပေးသံ ထွက်ပေါ်လာမှာပါ။

တရုတ်နိုင်ငံ၊ ကွေ့ကျိုးပြည်နယ်က စာသင်ကျောင်း ၁၀ ကျောင်း ကျော်နဲ့ ကွမ်စီ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့မှာ စမတ်ကျောင်းဝတ်စုံတွေ ဝတ်ဆင်ဖို့ စည်းကမ်းချက် ထုတ်ခဲ့ပြီးဖြစ်တယ်လို့ တရုတ်အစိုးရပိုင် The Global Times သတင်းစာမှာ ဖော်ပြ ပါရှိပါတယ်။

ကျောင်းကို ဝင်လာတဲ့အချိန်နဲ့ တည်နေရာတို့ကို သိရှိနိုင်ဖို့အတွက် ဂျာကင်ဝတ်စုံရဲ့ ပခုံး နှစ်ဖက်မှာ ကွန်ပျူတာချစ်ပ်တွေ ပါဝင်ပြီး အင်္ကျီ လဲဝတ်လို့မရအောင် ကျောင်းအဝင်ဂိတ်မှာ မျက်နှာပုံသဏ္ဍာန် ဖတ်ရှုတဲ့ နည်းပညာသုံး ကင်မရာတွေနဲ့ တိုက်စစ်ဦးမှာ ဖြစ်ပါတယ်။

ယခု စမတ်ဝတ်စုံတွေဟာ အပူချိန် ၁၅၀ ဒီဂရီ စင်တီဂရိတ်အထိ ခံနိုင်ရည်ရှိပြီး အကြိမ်ရေ ၅၀၀ ကျော် လျှော်ဖွပ်နိုင်တယ်လို့ ဝတ်စုံထုတ်လုပ်တဲ့ ကွေ့ကျိုး ကွမ်ယု နည်းပညာကုမ္ပဏီက ဆိုပါတယ်။

The Epoch Times ရဲ့ အဆိုအရ ယခု စမတ်ကျောင်းဝတ်စုံတွေဟာ ကျောင်းသားတွေရဲ့ တည်နေရာကို သိရှိနိုင်တဲ့အပြင် အတန်းတွင်း အိပ်ပျော်နေလားဆိုတာကိုပါ သိရှိနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကျောင်းဝတ်စုံနဲ့တင် ငွေပေးချေမှု ပြုလုပ်နိုင်ပြီးး ကျောင်းသားမိဘတွေအနေနဲ့ Mobile Application ကနေတဆင့် တနေ့ အသုံးစရိတ်ကိုလည်း ကန့်သတ်ထားနိုင်ပါတယ်။

ကလေးငယ်တွေရဲ့ တကိုယ်ရည် လွတ်လပ်ခွင့်ကို ထိပါးနိုင်တဲ့ ယခု စမတ်ကျောင်းဝတ်စုံတွေနဲ့ ပတ်သတ်ပြီး တရုတ်နိုင်ငံက လူမှုကွန်ရက် Weibo မှာ ငြင်းခုံမှုတွေ ဖြစ်ပေါ်လျက် ရှိပါတယ်။ အသုံးပြုသူတဦးကတော့ ယခုဝတ်စုံကြောင့် ကျောင်းတွင်းကို မသမာသူတွေ ဝင်ရောက်ဖို့ ခဲယဉ်းသလို ပျောက်ဆုံးနေတဲ့ ကလေးငယ်တွေကို ရှာဖွေတဲ့အခါမှာလည်း အသုံးဝင်နိုင်တယ်လို့ မှတ်ချက်ပေးထားပါတယ်။

တရုတ်နိုင်ငံ ပညာရေးဌာနဟာ “ဒီဂျစ်တယ် ပညာရေးစနစ်သို့ အသွင် ကူးပြောင်းခြင်း” ကို ၅ နှစ်စီမံကိန်းနဲ့ လုပ်ဆောင်လျက်ရှိပြီး၊ “စမတ်ကျောင်းဧရိယာ”မှာ ဖန်တီးကြဖို့ အားပေးတိုက်တွန်းထားပါတယ်။

ယခုနှစ် အစောပိုင်းတုန်းက ဟန်ကျိုးပြည်နယ်က စာသင်ကျောင်းတခုဟာ ကျောင်းသား၊ ကျောင်းသူတွေ စာသင်ခန်းအတွင်း အာရုံစိုက်မှု ရှိ၊ မရှိ စောင့်ကြည့်ဖို့အတွက် မျက်နှာဖတ်ရှုမှု နည်းပညာပါဝင်တဲ့ ကင်မရာတွေကို စတင် တပ်ဆင် အသုံးပြုခဲ့ပါတယ်။

Ref: Telegraph, The Verge

Loading