၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလအတွင်း Las Vegas မြို့မှာ ကျင်းပမယ့် CES 2019 ပွဲမှာ Samsung က စမတ်ဖုန်း Screen နည်းပညာသစ်တမျိုးကို ပြသသွားဖို့ ရှိပါတယ်။
“Sound on Display”လို့ နာမည်ပေးထားတဲ့ နည်းပညာဟာ ဖုန်းစပီကာခွက် (Earpiece) မလိုဘဲ စမတ်ဖုန်းမျက်နှာပြင်ကနေ တုန်ခါမှုနဲ့ အသံထုတ်လွှတ်နိုင်တဲ့ နည်းပညာသစ်တမျိုး ဖြစ်ပါတယ်။ ဖုန်းမျက်နှာပြင်မှာ စပီကာခွက်အတွက် ဘောင်ထားစရာ မလိုတော့တာကြောင့် Screen အပြည့်ဖုန်းတွေ ထုတ်ဖို့ အထောက်အကူ ဖြစ်စေမှာပါ။
Sound on Display နည်းပညာဟာ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက ပြသခဲ့တဲ့ Samsung Display ရဲ့ မျိုးဆက်သစ် Display နည်းပညာ ၄ ခုထဲမှာ တခုအပါအဝင် ဖြစ်ပါတယ်။ နည်းပညာသစ် ၄ ခုထဲမှာ တရားဝင် မိတ်ဆက်ပြသမယ့် ပထမဆုံး နည်းပညာလည်း ဖြစ်လာမှာပါ။
Sound on Display နည်းပညာဟာ တကယ်တမ်းတော့ နည်းပညာအသစ်လို့ မဆိုသာပါဘူး။ Xiaomi ရဲ့ ပထမဆုံး Mi Mix ဖုန်းမှာလည်း Piezoelectric စပီကာ (ဖိအားလျှပ်စစ်ကြောင့် တုန်ခါခြင်းဖြင့် အသံထုတ်လွှတ်ပေးတဲ့ စပီကာ) ကို Screen အောက်မှာ ထည့်သွင်း အသုံးပြုခဲ့ပါတယ်။ Vivo ကလည်း NEX S စမတ်ဖုန်းမှာ ဘောင်လုံးဝ မပါသလောက် Screen ကို ရဖို့အတွက် အလားတူ နည်းလမ်းကို အသုံးပြုခဲ့ပါသေးတယ်။
Samsung ဟာ Sound on Display နည်းပညာ အသုံးပြုမယ့် တတိယမြောက် ဖုန်းကုမ္ပဏီဖြစ်လာမှာပါ။ ဒါ့အပြင် Samsung Display က ထုတ်တဲ့ နည်းပညာဖြစ်တာကြောင့် တခြား ဖုန်းကုမ္ပဏီတွေလည်း မှာယူ အသုံးပြုနိုင်ဖို့ ရှိပါတယ်။ SID 2018 ပွဲမှာ အစမ်းပြသခဲ့မှုအရ Samsung ရဲ့ Sound on Display နည်းပညာဟာ ပုံမှန် Earpiece စပီကာတခု နီးပါး အသံ ကျယ်လောင် ကောင်းမွန်တယ်လို့ သိရပါတယ်။
Samsung Display ဟာ ယခု Screen နည်းပညာသစ်ကို CES 2019 မှာ တရားဝင် ပြသသွားဖို့ ရှိပါတယ်။ ဒါကြောင့် CES ပွဲပြီး မကြာခင် ထွက်ရှိမယ့် Galaxy S10 စမတ်ဖုန်းမှာလည်း အဆိုပါ နည်းပညာကို တွေ့မြင်ရဖို့ ရာခိုင်နှုန်းများနေပါတယ်။ Galaxy S10 ဖုန်းမှာ SoD နည်းပညာအပြင် ရှေ့ကင်မရာအတွက် အပေါက်ဖောက်ထားတဲ့ Infinity-O စခရင်အသစ်လည်း ပါဝင်လာဖို့ ရှိနေပါတယ်။
Ref: Android Authority, Slash Gear