ဘေဂျင်းအစိုးရဟာ တရားမဝင် တိုက်ခန်းပြန်လည် ငှားရမ်းမှုလိုမျိုး တန်ဖိုးနည်းအိမ်ရာ အလွဲသုံးစားလုပ်မှုတွေကို တိုက်ဖျက်ဖို့အတွက် မျက်နှာစစ်ဆေးတဲ့ နည်းပညာကို အရှိန်အဟုန်မြှင့် တပ်ဆင်လျက်ရှိပါတယ်။
လူဦးရေ စုစုပေါင်း ၁ သိန်း ၂ သောင်းကျော်ကို နေရာချထားပေးမယ့် ပြည်သူ့အိမ်ရာစီမံကိန်း အားလုံးမှာ မျက်နှာစစ်ဆေးမှု စနစ်ပါတဲ့ စမတ်သော့ခလောက်တွေကို ၂၀၁၉ ခုနှစ်၊ ဇွန်လကုန်မှာ အပြီးတပ်ဆင်သွားမှာဖြစ်ပါတယ်။
စမတ်သော့ခလောက်တွေမှာ မျက်နှာစစ်ဆေးမှု နည်းပညာ အသုံးပြုခြင်းအားဖြင့် တန်ဖိုးနည်း ပြည်သူ့အိမ်ရာမှာ နေထိုင်သူအားလုံးရဲ့ လုံခြုံရေးကို တိုးမြှင့်ပေးနိုင်ရုံမက တရားမဝင် တဆင့်ပြန်လည်ငှားရမ်းမှုတွေကိုပါ တိုက်ဖျက်နိုင်ဖို့ ဘေဂျင်းအာဏာပိုင်တွေက မျှော်လင့်ထားပါတယ်။ အခန်းရေ အကန့်အသတ်ရှိတဲ့ တန်ဖိုးနည်း တိုက်ခန်းတွေကို အမှန်တကယ် လိုအပ်နေသူတွေသာ နေထိုင်နိုင်စေဖို့ ဖြစ်ပါတယ်။
တရုတ်အစိုးရဟာ ပြည်သူလူထုကို စောင့်ကြည့်ဖို့အတွက် မျက်နှာစစ်ဆေးဖတ်ရှုတဲ့ နည်းပညာကို နယ်ပယ်ပေါင်းစုံမှာ တိုးမြှင့်အသုံးပြုလာပါတယ်။ တရုတ်နိုင်ငံက မြို့ကြီးတော်တော်များများမှာ စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူတွေကို ဖမ်းမိဖို့အတွက် မျက်နှာဖတ်ရှု စစ်ဆေးနိုင်တဲ့ ကင်မရာတွေကို တပ်ဆင်ထားပြီး ဖြစ်ပါတယ်။ ဘေဂျင်းက ပန်းခြံတခုမှာဆိုရင်လည်း လာရောက် လည်ပတ်သူတွေအနေနဲ့ အိမ်သာသုံးစက္ကူလိပ်တွေ အများကြီးယူသွားလို့မရအောင် မျက်နှာစစ်ဆေးတဲ့ လုပ်ဆောင်ချက်ပါ အိမ်သာသုံး စက္ကူထုတ်စက်ကို တပ်ဆင်ထားပါတယ်။
မျက်နှာစစ်ဆေးတဲ့စနစ်ကို ဘေဂျင်းက တန်ဖိုးနည်းအိမ်ရာ စီမံကိန်း ၄၇ ခုမှာ တပ်ဆင်ထားပြီး ဖြစ်တယ်လို့သိရပါတယ်။ တိုက်ခန်းငှားရမ်းသူနဲ့ မိသားစုဝင် အပါအဝင် လူပေါင်း ၁ သိန်းကျော်ရဲ့ မျက်နှာပုံသဏ္ဍာန် ဒေတာတွေကိုလည်း စုဆောင်းသိမ်းဆည်းထားပြီး ဖြစ်ပါတယ်။
မျက်နှာစစ်ဆေးမှုစနစ်အနေနဲ့ ဒေတာစနစ်ထဲ သိမ်းဆည်းထားတဲ့ တိုက်ခန်းနေထိုင်သူတွေနဲ့ ဧည်သည့်အဖြစ် စာရင်းသွင်းထားသူတွေရဲ့ မျက်နှာဒေတာကို တိုက်စစ်ဆေးမှာဖြစ်ပြီး ဒေတာ မရှိတဲ့ သူစိမ်းတွေဆို ဝင်ခွင့်ပြုမှာ မဟုတ်ပါဘူး။ ဒါ့အပြင် သက်ကြီးရွယ်အိုတွေ၊ အထူးသဖြင့် တကိုယ်ရည်နေထိုင်သူတွေကိုလည်း စောင့်ကြည့်ပေးနိုင်ပါတယ်။ အကယ်၍ သက်ကြီးရွယ်အို တဦးဟာ အချိန်အတိုင်းအတာတခုအထိ အခန်းကို အဝင်၊ အထွက် လုပ်တာ မရှိဘူးဆိုရင်၊ တိုက်ခန်းစီမံခန့်ခွဲရေးဌာနကို သွားရောက်စစ်ဆေးကြည့်ဖို့ အလိုအလျောက် အသိပေးမှာပါ။
တန်ဖိုးနည်းအိမ်ရာတွေဟာ အိမ်ယာမြေဈေးနှုန်း မိုးပျံနေတဲ့ ဘေဂျင်းလို လူနေထူထပ်တဲ့မြို့ကြီးတွေမှာ တကယ့်ကို အဖိုးမဖြတ်နိုင်တဲ့အရာဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်၊ မတ်လအတွင်း ဘေဂျင်းမှာ တန်ဖိုးနည်းအိမ်ယာ စီမံကိန်း ၇၆ ခုကနေ အခန်းပေါင်း တသိန်းကျော် ရှိနေပါတယ်။
ဝင်ငွေနည်းပါးတဲ့ မိသားစုတွေအတွက် ရည်ရွယ်ထားတဲ့ တိုက်ခန်းတွေပါ။ ပုံမှန်အားဖြင့် ဘေဂျင်းမှာ တိုက်ခန်းတခန်း ငှားနေမယ်ဆိုရင် တလကို ၇၃၀ ဒေါ်လာခန့်ကျသင့်ပြီး တန်ဖိုးနည်းအိမ်ရာကတော့ တလကို ၂၉၀ ဒေါ်လာခန့်သာ ရှိပါတယ်။ ထို့အတူ တိုက်ခန်းတွေကို တရားမဝင် တဆင့်ပြန်လည် ငှားရမ်းမှုတွေလည်း များနေတဲ့အတွက် အစိုးရက အရှိန်အဟုန်နဲ့ ကြပ်မတ်ဆောင်ရွက်နေရပါတယ်။
တန်ဖိုးနည်းအိမ်ရာကို တရားမဝင် တဆင့်ပြန်လည် ငှားရမ်းတဲ့ မိသားစုတွေကို နိုင်ငံတော်အကဲဖြတ်စာရင်းမှာ အချက်အလက် ထည့်သွင်းပြီး နောက်ထပ် ၅ နှစ်အတွင်း တန်ဖိုးနည်းအိမ်ရာ လျှောက်ထားခွင့် ပိတ်ပင်သွားမှာဖြစ်တယ်လို့ ဘေဂျင်း အိမ်ရာနှင့် ကျေးလက်မြို့ပြဖွံဖြိုးရေး မြူနီစီပယ်ကော်မရှင်က ထုတ်ပြန်ထားပါတယ်။
Ref: South China Morning Post