Nokia အမှတ်တံဆိပ်ဖုန်းတွေ ထုတ်လုပ်နေတဲ့ HMD Global ကုမ္ပဏီဟာ ကျောကင်မရာ ၅ လုံးပါမယ့် Nokia ဖုန်းအသစ်တလုံးကို မကြာခင် ထုတ်လုပ်သွားဖို့ ရှိပါတယ်။
နာမည်ကြီး နည်းပညာသတင်းထောက်တဦးဖြစ်တဲ့ Evan Blass ကလည်း အဆိုပါ Nokia ဖုန်းအသစ်ရဲ့ ဓာတ်ပုံကို အွန်လိုင်းမှာ တင်ထားခဲ့ပြီး Nokia 9 PureView လို့ ခေါ်ဆိုကြောင်း ရေးသားခဲ့ပါတယ်။ ထို့အတူ ဖုန်းရဲ့ ကြော်ငြာဗီဒီယိုကိုလည်း MySmartPrice က တင်ထားခဲ့ပြီး ဖြစ်တာကြောင့် Nokia 9 PureView ရဲ့ ဒီဇိုင်းကိုတော့ မထွက်ခင်ကတည်းက ကြိုတင် သိနေရပါပြီ။
ဓာတ်ပုံ၊ ဗီဒီယိုတွေအရ Nokia 9 ဖုန်းအသစ်ရဲ့ ကျောဘက်မှာ ကင်မရာဆန်ဆာ ၅ ခုနဲ့ ဖလက်ရှ်မီးတို့ကို ဆဋ္ဌဂံ ပုံစံ ဖွဲ့စည်း ထည့်သွင်းထားတာ တွေ့မြင်ရပါတယ်။ ဓာတ်ပုံတပုံ ရိုက်ကူးတဲ့အခါ ကင်မရာ ၅ လုံးစလုံး အလုပ်မှာဖြစ်တဲ့အတွက် အလင်းရောင်နည်းပါးတဲ့ အခြေအနေတွေမှာ ပုံထွက်ကောင်းမွန်မှု၊ ဓာတ်ပုံ ရိုက်ကူးပြီးနောက် ဆုံချက် ပြန်လည်ချိန်ညှိနိုင်မှု စတဲ့ ဓာတ်ပုံပိုင်းဆိုင်ရာ ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေ ပါဝင်လာမယ့် ဖုန်းဖြစ်ပါတယ်။
ဒါ့အပြင် ဖုန်းမျက်နှာပြင်မှာ လက်ဗွေရာပုံစံ ပြထားတာကို ကြည့်ရင် မျက်နှာပြင်အောက် လက်ဗွေရာဆန်ဆာကိုလည်း ဒီဖုန်းမှာ သေချာပေါက် မြင်တွေ့ရမှာပါ။ Nokia 9 PureView ဟာ ကင်မရာ ၄ လုံးပါဝင်တဲ့ Samsung Galaxy A9 ပြီးနောက် ကမ္ဘာ့ ကျောကင်မရာ အများဆုံးဖုန်းတလုံးအဖြစ်လည်း မှတ်တမ်းဝင်ဖို့ ရှိပါတယ်။
သတင်းပေါက်ကြားမှုတွေအရ Nokia 9 PureView မှာ Snapdragon 845 Chipset ၊ 6GB RAM နဲ့ 128GB Storage တို့ ပါရှိမယ်လို့ သိရပါတယ်။ မျက်နှာပြင်က ၆ လက်မ အကျယ်ရှိမှာဖြစ်ကာ 2K ရုပ်ထွက် အရည်အသွေးနဲ့ ဖြစ်ပါတယ်။ HDR10 ဖော်ပြနိုင်မယ့် မျက်နှာပြင်ဖြစ်ပြီး Screen အောက် လက်ဗွေရာဆန်ဆာလည်း ပါဝင်လာမှာပါ။
Nokia 9 PureView ဟာ Android One ပရိုဂရမ်ထဲ ဝင်မယ့် ဖုန်းတလုံးဖြစ်တဲ့အတွက် နောက်ဆုံးပေါ် Android လည်ပတ်မှုစနစ်နဲ့ ထွက်လာမှာ ဖြစ်ပါတယ်။ HMD Global ဟာ Microsoft ထံကနေ PureView အမှတ်တံဆိပ်ကို ယခုနှစ် အစောပိုင်းတုန်းက ဝယ်ယူထားခဲ့ပြီး ဖြစ်ပါတယ်။ ဒ့ါအပြင် ကင်မရာမှန်ဘီလူးတွေ ထုတ်လုပ်နေတဲ့ Zeiss ကုမ္ပဏီနဲ့လည်း Android ဖုန်းတွေ အတူ ထုတ်လုပ်ဖို့ ပူးပေါင်း ထားပါတယ်။
HMD Global အနေနဲ့ Nokia 9 PureView စမတ်ဖုန်းကို ဘယ်တော့ မိတ်ဆက်မလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။ ကောလာဟလတွေအရ ဖေဖော်ဝါရီလ 2019 Mobile Word Congress ပွဲအစား၊ ဇန်နဝါရီလအတွင်းမှာတင် စောစီးစွာ မိတ်ဆက်ဖို့ ရှိတယ်လို့ သိရပါတယ်။
Ref: The Verge, My Broadband