iPhone ဝယ်လိုအား လျော့နည်းမှုကြာင့် အမေရိကန်ဒေါ်လာ ၉ ဘီလျံခန့် ဝင်ငွေ ဆုံးရှုံးနိုင်ကြောင်း Apple က ယနေ့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။
အခုလို iPhone ဝယ်လိုအား နည်းပါးရခြင်းဟာ iPhone မော်ဒယ်အသစ်တွေ အဝယ်နည်းလာတာ၊ တရုတ်နဲ့ အမေရိကန်ပြည်ထောင်စုအကြား ကုန်သွယ်ရေး တင်းမာမှု ဖိအားတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မော်ဒယ်အဟောင်းတွေကို ဘက်ထရီလဲသုံးတဲ့လူတွေ ပိုများလာတာကြောင့်လည်း ပါတယ်လို့ CEO Tim Cook က ရင်းနှီးမြှုပ်နှံသူတွေကို ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Apple ဟာ မနှစ်တုန်းကလည်း iPhone မော်ဒယ်အဟောင်းတွေမှာ အရည်အသွေး ကျဆင်းလာတဲ့ ဘက်ထရီတွေကြောင့် ဖုန်း ရုတ်တရက် ပိတ်သွားတာမျိုး မဖြစ်ရအောင် ဖုန်းစွမ်းဆောင်ရည်ကို လျော့ချပစ်နေရကြောင်း ဝန်ခံ ပြောကြားခဲ့ပါတယ်။ အဆိုပါ ဖြစ်ရပ်ကြောင့် တောင်းပန်တဲ့အနေနဲ့ ဘက်ထရီလဲလှယ်မှု ဈေးနှုန်းကို ၇၉ ဒေါ်လာကနေ ၂၉ ဒေါ်လာအထိ လျော့ချပေးခဲ့ပါတယ်။
Apple ဘက်က iPhone မော်ဒယ်အဟောင်းတွေရဲ့ စွမ်းဆောင်ရည် နိမ့်ကျလာခြင်း အကြောင်းကို ပွင့်လင်းမြင်သာမှုရှိစွာ သတင်းထုတ်ပြန်ပေးခဲ့သလို ဘက်ထရီလဲတဲ့ စရိတ်ကို လျော့ချပေးလိုက်တာကြောင့် ၂၀၁၈ ခုနှစ်အတွင်းမှာ နောက်ဆုံးပေါ် iPhone မော်ဒယ်ကို ဝယ်ကိုင်မယ့်အစား မော်ဒယ်အဟောင်းကိုပဲ ဘက်ထရီလဲသုံးတဲ့ လူတွေ ပိုများလာခဲ့တယ်လို့ Tim Cook က ရေးသားခဲ့ပါတယ်
ဒေါ်လာ ထောင်ကျော်ထိ ရှိလာတဲ့ iPhone မော်ဒယ်အသစ်တွေ ဝယ်မယ့်အစား မော်ဒယ်အဟောင်းကိုပဲ ဈေးချိုချိုသာသာနဲ့ ဘက်ထရီ လဲလှယ် အသုံးပြုသူ ပိုများလာတာကတော့ ငြင်းစရာ မရှိပါဘူး။
ဒါကြောင့် ၂၀၁၈ ခုနှစ်အတွင်းမှာ iPhone မော်ဒယ်အဟောင်းတွေ သက်တမ်းအလိုက် စွမ်းဆောင်ရည် ကျလာတယ်ဆိုတဲ့ အသံတွေလည်း တော်တော် ပျောက်ကွယ်သွားခဲ့ပါတယ်။ သုံးစွဲသူတွေအတွက် စိတ်ချမ်းသာစရာ ဖြစ်ပေမယ့် Apple အတွက်တော့ ဝင်ငွေ နည်းပါးရတဲ့ အချက်တွေထဲက တခု ဖြစ်နေမှာပါ။
Tim Cook ရဲ့ ယနေ့ အစီရင်ခံစာဟာ ခန့်မှန်းဖော်ပြချက်သာ ဖြစ်ပြီး၊ အမှန်တကယ် ရောင်းချရမှု အရေအတွက်တွေ မပါဝင်ပါဘူး။ နောက်ပိုင်းမှာလည်း iPhone ဘယ်နှစ်လုံး ရောင်းရလဲဆိုတာ Apple ဘက်က အတိအကျ ဖော်ပြတော့မှာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့နှစ်၊ နိုဝင်ဘာ ၁ ရက်နေ့ သုံးလပတ်အစီရင်ခံစာ ထုတ်ပြန်ချိန်မှာ iPhone ၊ iPad ၊ Macs ရောင်းချရမှု အလုံးရေအတိအကျကို ဖော်ပြတော့မှာ မဟုတ်ကြောင်း ကြေညာခဲ့တာကြောင့်ပါ။
ယနေ့ ထုတ်ပြန်ခဲ့တဲ့ Apple ရဲ့ ဘဏ္ဍာရေး အစီရင်ခံစာဟာ ဒီဇင်ဘာ ၂၉ ရက်နေ့မှာ အဆုံးသတ်ခဲ့တဲ့ ၂၀၁၉ခုနှစ် ဘဏ္ဍာရေးနှစ်၊ ပထမ ၃ လပတ် အစီရင်ခံစာ ဖြစ်ပြီး၊ မူလ ခန့်မှန်းထားတာထက် ဝင်ငွေ ဒေါ်လာ ၉ ဘီလျံ လျော့နည်းသွားခဲ့ပါတယ်။
Ref: The Verge, Apple