Google ဟာ “Project Soli” လို့ အမည်ပေးထားတဲ့ ရေဒါစနစ်သုံး လက်အမူအရာ ထိန်းချုပ် ဆန်ဆာစနစ်ကို စွမ်းအင်ပမာဏ တိုးမြှင့် စမ်းသပ်ဖို့ ခွင့်ပြုချက် ရရှိသွားပြီ ဖြစ်ပါတယ်။
အမေရိကန်ဆက်သွယ်ရေးကော်မရှင် (FCC) ဟာ Soli ဆန်ဆာတွေကို လက်ရှိခွင့်ပြုထားတဲ့ စွမ်းအင်ပမာဏထက် ပိုမို တိုးမြှင့် စမ်းသပ်ဖို့ Google ကို တင်္နလာနေ့မှာ ခွင့်ပြုမိန့် ထုတ်ပေးခဲ့ပါတယ်။ FCC ရဲ့ အဆိုအရ အဆိုပါ ဆန်ဆာတွေကို လေယာဉ်ပေါ်မှာလည်း အသုံးချနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
Project Soli ဆိုတာ ၂၀၁၅ ခုနှစ်မှာ Google ရဲ့ Advanced Technologies and Projects ဌာနက အကောင်အထည် ဖော်ခဲ့တဲ့ လှုပ်ရှားမှုဖမ်း လှိုင်းတိုရေဒါ ထိန်းချုပ်စနစ်တခု ဖြစ်ပါတယ်။ Chipset တခုအတွင်း လက်အမူအရာတွေကို ဖမ်းယူနိုင်တဲ့ ရေဒါစနစ်အသေးစား တခုကို အကောင်အထည်ဖော်ဖို့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေတဲ့ နည်းပညာပါ။
ဒါပေမဲ့ Project Soli ရှေ့ပြေးမော်ဒယ်ကို ကနဦး စမ်းသပ်ပြချိန်မှာတော့ ထင်သလောက် အလုပ်မဖြစ်ခဲ့ပါဘူး။ ရေဒါ စွမ်းအင်ပမာဏ နည်းပါးတာကြောင့် ဆန်ဆာ တည်နေရာနဲ့ နီးကပ်တဲ့အခါ ရေဒါမမိတဲ့ Blind Spots ပြဿနာတွေ ရှိခဲ့ပါတယ်။
ဒါကြောင့် 57- to 64- GHz ကြိမ်နှုန်းအတွင်း စွမ်းအင်ပမာဏ တိုးမြှင့် စမ်းသပ်ဖို့ Google က FCC ထံ မတ်လ မှာ ခွင့်ပြုချက်တောင်းခဲ့ပါတယ်။ ဒါပေမယ့် စွမ်းအင်တိုးမြှင့် စမ်းသပ်တာဟာ ရှိပြီးသား နည်းပညာတွေနဲ့ အနှောင့်အယှက်ဖြစ်စေနိုင်ကြောင်း စိုးရိမ်ချက်တွေနဲ့ Facebook နဲ့ FCC တို့က ခွင့်မပြုခဲ့ပါဘူး။
စက်တင်ဘာလမှာတော့ Project Soli ကို စွမ်းအင်တိုးမြှင့် စမ်းသပ်တာဟာ ပြဿနာမရှိကြောင်း Google နဲ့ Facebook တို့ ဆွေးနွေးသဘောတူညီမှု ရခဲ့ပြီးနောက်မှာ FCC က ခွင့်ပြုချက် ထုတ်ပေးလိုက်တာ ဖြစ်ပါတယ်။
Project Soli မှာ အသုံးပြုသူ တဦးဟာ လက်မနဲ့ လက်ညှိုးကို ပွတ်သပ်ကာ၊ အနီးနားက ပစ္စည်းတခုကို လက်အမူအရာနဲ့ ထိန်းချုပ်နိုင်ပါတယ်။ စမတ်နာရီ၊ စမတ်စပီကာ၊ ဖုန်း၊ ကွန်ပျူတာကနေ မော်တော်ယာဉ်တွေ အတွင်းမှာပါ ထည့်သွင်း အသုံးချနိုင်မယ့် နည်းပညာပါ။
ယခု နည်းပညာနဲ့ဆိုရင် JBL စမတ်စပီကာတလုံး ရှေ့မှာ လက်ကို ဝှေ့ယမ်းပြရုံနဲ့ သီချင်း၊ အဖွင့်အပိတ်တွေ လုပ်ဆောင် လာနိုင်မှာ ဖြစ်ပါတယ်။ Soli ရဲ့ ရေဒါလှိုင်းဟာ အဝတ်အထည်တွေကိုပါ ဖောက်ထွင်းနိုင်တာကြောင့် ကျောပိုးအိတ် သို့မဟုတ် အိတ်ထောင် အတွင်းက ပစ္စည်းတွေကိုလည်း ထိန်းချုပ် အသုံးပြုနိုင်မှာပါ။
အထူးသဖြင့် ခန္ဓာကိုယ် လှုပ်ရှားမှု နဲ့ အသံပိုင်းဆိုင်ရာ အခက်အခဲရှိသူတွေအတွက် အကျိုးရှိစေနိုင်မယ့် နည်းပညာသစ်တခု ဖြစ်ပါတယ်။
Ref: Ars Technica, Reuters, The Verge