၂၀၁၈ ခုနှစ် အကုန်မှာ ကမ္ဘာ့တန်ဖိုးအရှိဆုံး ကုမ္ပဏီအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ Microsoft ဟာ Windows OS အတွက် နောက်ထပ် မှတ်တိုင်တခု စိုက်ထူလိုက်နိုင်ပါတယ်။ Net Marketshare ရဲ့ ဖော်ပြချက်အရ Windows 10 ဟာ Windows 7 ကို ကျော်လွန်ပြီး လူသုံးအများဆုံး Desktop/Laptop OS စနစ် ဖြစ်လာပါတယ်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာလ၊ ကွန်ပျူတာ OS ဈေးကွက်ဝေစုမှာ Windows 10 က ၃၉ ဒဿမ ၂၂ ရာခိုင်နှုန်းနဲ့ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။ အရင် ထိပ်ဆုံးမှာ ရှိခဲ့တဲ့ Windows 7 ကတော့ ဈေးကွက်ဝေစု ၃၆.၉ ရာခိုင်နှုန်းနဲ့ ဒုတိယနေရာ ရောက်ရှိသွားပါပြီ။
Microsoft ဟာ Windows 10 ကို ယခု စံချိန်ရောက်ဖို့အတွက် သုံးနှစ်ခွဲကျော်ကြာ အချိန်ယူ ပြင်ဆင်ခဲ့ရပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ၁၀ နှစ် လောက်ကတည်းက ထွက်ရှိခဲ့တဲ့ Windows 7 OS ကလည်း လူသုံးအများဆုံးစနစ်တခု ဖြစ်နေဆဲပါပဲ။
Microsoft ဟာ Windows 10 ကို စထုတ်ပြီးနောက် ၃ နှစ်အတွင်း ဖုန်း၊ ကွန်ပျူတာပေါင်း ၁ ဘီလျံမှာ လည်ပတ်နိုင်ဖို့ မျှော်မှန်းထားခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်း Windows Phone တွေ အခြေအနေ မကောင်းတာကြောင့် ၃ နှစ်အတွင်း ၁ ဘီလျံ မပြည့်နိုင်တော့ကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။
ယခုမှာတော့ ကွန်ပျူတာ၊ တက်ဘလက်၊ ဖုန်းနဲ့ Xbox One စက်ပေါင်း သန်း ၇၀၀ ကျော်မှာ Windows 10 ကို အသုံးပြုလျက်ရှိနေပြီ ဖြစ်ပါတယ်။ Microsoft ဟာ Windows 7 အတွက် ထပ်ဆောင်းအထောက်အပံ့ပေးမှုကိုတော့ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ ၁၄ ရက်မှာ ရပ်ဆိုင်းသွားမှာ ဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ကွန်ပျူတာလည်ပတ်မှုစနစ် ဈေးကွက်ဝေစု မှာ Microsoft ရဲ့ Windows က ၈၇ ဒဿမ ၇၁ ရာခိုင်နှုန်း အများစု ရရှိထားကာ Apple ရဲ့ Mac OS ကတော့ ၉ ဒဿမ ၆၁ ရာခိုင်နှုန်းနဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။ Mac OS နောက်မှာတော့ Linux ၊ Chrome OS တို့က တတိယနဲ့ စတုတ္ထနေရာတို့မှာ အသီးသီး ရပ်တည်လျက် ရှိပါတယ်။
Ref: The Verge, Net Marketshare