အလိုအလျောက် မုန့်ရောင်းစက်ဆီကို သွားမဝယ်ချင်တဲ့လူတွေအတွက်၊ ဝယ်သူထံ အရောက်လာမယ့် အလိုအလျောက် မုန့်ရောင်းစက်တမျိုးကို PepsiCo က ထုတ်လုပ်လိုက်ပါတယ်။
“Snackbots” လို့ အမည်ပေးထားတဲ့ စက်ရုပ်တွေကို ကယ်လီဖိုးနီးယားပြည်နယ်၊ စတော့တန်မြို့က ပစိဖိတ်တက္ကသိုလ်ဝင်း အတွင်း စတင်ထားရှိသွားမှာဖြစ်ကြောင်း PepsiCo က ယနေ့ ဇန်နဝါရီ ၅ရက်နေ့မှာ ကြေညာလိုက်ပါတယ်။
ကျောင်းသားတွေအနေနဲ့ စမတ်ဖုန်းအက်ပလီကေးရှင်းကနေတဆင့် အချိုရည်နဲ့ အဆာပြေမုန့် အမျိုးမျိုးကို မှာယူနိုင်ပြီး၊ Snackbot စက်ရုပ်ကို အရောက် လာပို့ခိုင်းနိုင်ပါတယ်။ ၁၇၅ ဧက ရှိတဲ့ တက္ကသိုလ် ပရိဝုဏ် အတွင်းက သတ်မှတ်နေရာ ၅၀ ကို လာပို့ပေးနိုင်ကာ၊ မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ အလုပ်လုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။
PepsiCo ရဲ့ Snackbots စက်ရုပ်တွေကို Robby Technologies က တာဝန်ယူတည်ဆောက်ပေးတာ ဖြစ်ပြီး၊ အားတခါ သွင်းပြီးရင် မိုင် ၂၀ အထိ သွားလာနိုင်ပါတယ်။ ကင်မရာ၊ ရှေ့မီး တို့ တပ်ဆင်ထားပြီး၊ ချောမွေ့၊ကြမ်းတမ်းတဲ့ မျက်နှာပြင်မျိုးစုံကို ဖြတ်သန်းသွားလာနိုင်ဖို့အတွက် ဘီးလေးဘီးစလုံး အလုပ်လုပ်နိုင်ပါတယ်။
Snackbot ရောက်လာတာနဲ့ မှာယူထားတဲ့ အစားအသောက်တွေကို အဖုံးဖွင့် ထုတ်ယူနိုင်ပြီး၊ ပြီးရင် အဖုံး ပြန်ပိတ်ပေး လိုက်ရုံပါပဲ။ လုံခြုံရေးပိုင်းနဲ့ အစားအသောက် ထုတ်ပေးတဲ့စနစ်တို့ကို App က တာဝန်ယူ လုပ်ဆောင်မယ်လို့ ယူဆရပါတယ်။
လူသွားလမ်းမှာ သွားလာနိုင်မယ့် စက်ရုပ်အသေးလေးတွေဟာ အနာဂတ် ပစ္စည်းပို့ဆောင်မှုအတွက် အကောင်းဆုံးနည်းလမ်းတခုလို့ ဆိုနိုင်ပါတယ်။ ဘက်ပေါင်းစုံကနေ ဝိုင်းပတ်ကာရံထားတဲ့ တက္ကသိုလ်ဝင်းလို နေရာမျိုးကလည်း ဒီလို စက်ရုပ်တွေကို စမ်းသပ်ဖို့ အဆင်ပြေဆုံးနေရာပါ။
ဇန်နဝါရီ ၅ရက်နေ့က စပြီး ပစိဖိတ်တက္ကသိုလ်ဝင်းအတွင်းမှာ Snackbot စက်ရုပ် သုံးရုပ်ကနေ ငါးရုပ်အထိ စမ်းသပ် ချထားသွားမှာ ဖြစ်တယ်လို့ PepsiCo က ဆိုပါတယ်။
အစားအသောက်ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီကြီးတွေထဲမှာ အလိုအလျောက် ပို့ဆောင်မှုစနစ်ကို စတင် စမ်းသပ် အသုံးပြုတဲ့ ပထမဆုံး ကုမ္ပဏီဖြစ်ကြောင်းလည်း PepsiCo က ဂုဏ်ယူစွာ ပြောကြားခဲ့ပါတယ်။
Ref: Engadget, The Verge