ထိုင်ဝမ်အခြေစိုက် အီလက်ထရောနစ်ကုမ္ပဏီ ASUS ဟာ Chrome OS သုံး လက်ပ်တော့နဲ့ Tablet မော်ဒယ်အသစ်လေးမျိုးကို ဇန်နဝါရီ ၅ ရက်နေ့က မိတ်ဆက်လိုက်ပါတယ်။
မော်ဒယ်သစ်လေးမျိုးလုံးဟာ Chrome OS သုံး လက်ပ်တော့တွေလိုပဲ စာသင်ခန်းအတွင်း အသုံးပြုဖို့ အဓိက ရည်ရွယ်ထုတ်လုပ်ထားတဲ့ မော်ဒယ်တွေ ဖြစ်ပါတယ်။ အကြမ်းပတမ်း အသုံးပြုဖို့အတွက် အကြမ်းခံတဲ့ ကိုယ်ထည်၊ ခိုင်မာတဲ့ Display မျက်နှာပြင်တို့ ပါရှိပါတယ်။
မော်ဒယ်သစ်လေးမျိုးထဲက CT100 Tablet ကတော့ ကလေးငယ်တွေ ကိုင်ဖို့ ရည်ရွယ် ထုတ်လုပ်ထားတဲ့ မော်ဒယ်ပါ။ ASUS ရဲ့ ပထမဆုံး Chrome OS Tablet လည်း ဖြစ်ပါတယ်။ ၉.၇ လက်မ QXGA မျက်နှာပြင်ကို မာကျောတဲ့ မှန်မကွဲ ထပ်အုပ်ပေးထားပြီး၊ ကိုယ်ထည်ကိုလည်း ရာဘာနဲ့ အုပ်ပေးထားပါတယ်။
4GB RAM နဲ့ 32GB Internal Storage တို့ ပါရှိကာ၊ hexa-core PO1 ပရိုဆက်ဆာနဲ့ ဖြစ်ပါတယ်။ Chrome OS ဖြစ်တာကြောင့် Android Apps တွေကိုလည်း Install လုပ်၊ အသုံးပြုနိုင်ပါတယ်။
Tablet ရဲ့ ရာဘာကိုယ်ထည်က ၁၀ မီလီမီတာသာ အထူရှိတဲ့အတွက် လက်သေးငယ်တဲ့ ကလေးငယ်တွေ ကောင်းကောင်း ကိုင်တွယ် အသုံးပြုနိုင်မှာပါ။ မတော်တဆ လွတ်ကျခဲ့ရင်လည်း စိုးရိမ်စရာ သိပ်မရှိပါဘူး။ ၁၀၀ စင်တီမီတာအမြင့်ကနေ ပြုတ်ကျမှုကို ခံနိုင်ရည်ရှိတယ်လို့ ASUS က ဆိုပါတယ်။
ASUS Chromebook Tablet CT100 မှာ ပုံဆွဲ၊ စာရေး ပြုလုပ်ဖို့အတွက် Stylus တချောင်းလည်း ပါဝင်မှာ ဖြစ်ပါတယ်။ 35Wh လီသီယမ်-ပိုလီမာ ဘက်ထရီ ပါရှိပြီး၊ တနေ့တာ ကျောင်းချိန်အတွင်း အားပြန်သွင်းစရာမလိုဘဲ အသုံးပြုနိုင်ပါတယ်။
USB Type-C အပေါက်ကနေ အားပြန်သွင်းရမှာပါ။ ဈေးနှုန်းနဲ့ ဝယ်ယူရရှိနိုင်မယ့် ရက်တွေကိုတော့ မကြာမီ လအနည်းငယ်အတွင်း ထပ်မံ ကြေညာပေးသွားမှာ ဖြစ်ပါတယ်။
Ref: Engadget, ASUS