CES 2019 ပွဲမတိုင်မီမှာ Samsung က မော်နီတာ မော်ဒယ်အသစ်တမျိုးကို မိတ်ဆက် ပြသလိုက်ပါတယ်။ Samsung Space Monitor လို့ နာမည်ပေးထားပြီး၊ အကွေးအဆန့် ပြုလုပ်နိုင်တဲ့ လက်တံတခုကို အဓိက အသုံးပြုထားတဲ့ မော်နီတာတလုံး ဖြစ်ပါတယ်။
ကွန်ပျူတာစားပွဲပေါ်မှာ နေရာမယူဖို့အတွက် လက်တံကို အနေအထား သုံးမျိုး အကွေးအဆန့် လုပ် အသုံးပြုနိုင်ပြီး၊ အသုံးမပြုလိုတဲ့အခါမှာလည်း နံရံနဲ့ ကပ်ထောင်ထားနိုင်ပါတယ်။
QHD ရုပ်ထွက် အရည်အသွေးရှိတဲ့ ၂၇ လက်မ မော်ဒယ်နဲ့ 4K UHD ရုပ်ထွက် အရည်အသွေးရှိ ၃၂ လက်မ မော်ဒယ်ဆိုပြီး နှစ်မျိုး ထုတ်သွားမှာပါ။
Space Monitor ၂၇ လက်မ မော်ဒယ်က ၃၉၉.၉၉ ဒေါ်လာ ကျသင့်မှာဖြစ်ကာ၊ ၃၂ လက်မ မော်ဒယ်ကတော့ ၄၉၉.၉၉ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ စတင် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ Amazon ကနေ ယနေ့ကစ ကြိုတင် အော်ဒါ မှာယူထားနိုင်ပါတယ်။
Space Monitor ကို စားပွဲမျက်နှာပြင်မှာ ချိတ်ညှပ်ထားရမှာဖြစ်ပြီး၊ မိမိနှစ်သက်တဲ့ အနေအထားအတိုင်း ရှေ့ကို ကွေးညွတ် အသုံးပြုနိုင်ပါတယ်။ စားပွဲမျက်နှာပြင်နဲ့ ထိတဲ့အထိ ကွေးထားနိုင်ပါတယ်။ စားပွဲ ကျဉ်းမြောင်းရင်လည်း မော်နီတာကို နံရံမှာ ကပ် အသုံးပြုနိုင်မှာပါ။
Space Monitor ကို နံရံမှာ ကပ်ထောင်ထားတဲ့အခါ လက်တံက မော်နီတာ နောက်ကွယ်မှာ ပျောက်ကွယ် နေမှာ ဖြစ်ပါတယ်။
မော်နီတာရဲ့ ပါဝါကြိုးနဲ့ HDMI ကြိုး တွေကိုလည်း လက်တံထဲမှာပဲ ထည့်ထားတဲ့အတွက် ရိုးရှင်းသပ်ရပ်တဲ့ အမြင်ကို ပေးစွမ်းနိုင်မှာပါ။ ဘေးဘောင်တွေကလည်း မပါသလောက် သေးငယ်တဲ့အတွက် ကြည့်ရှုသမျှကို စီးမျောနစ်ဝင် ခံစားနိုင်မယ့် မော်နီတာတလုံး ဖြစ်ပါတယ်။
Ref: The Verge