HTC ဟာ မျက်လုံးလှုပ်ရှားမှု အာရုံခံစနစ် ပါဝင်လာတဲ့ VR Headset အသစ်တမျိုးကို CES ပွဲမှာ ယနေ့ မိတ်ဆက်ခဲ့ပါတယ်။ HTC Vive Pro Eye လို့ အမည်ပေးထားပြီး ထွက်ရှိပြီးသား Vive Pro Headset ကို အဆင့်မြှင့်တင်ထားတဲ့ မော်ဒယ်တခုပါ။
Eye-tracking လို့ ခေါ်တဲ့ မျက်လုံးလှုပ်ရှားမှုကို အာရုံခံတဲ့ စနစ်ကို PC Gaming နယ်ပယ်မှာ တွေ့မြင်ရပြီး ဖြစ်တာကြောင့် သိပ်အထူးအဆန်းလို့ မဆိုသာပါဘူး။ ဒါပေမဲ့ VR Headset မှာ Eye-tracking နည်းပညာ ပါဝင်လာတာက ကောင်းကျိုးရလဒ်များစွာ ယူဆောင်လာပေးနိုင်မှာပါ။
ပထမဆုံး ကောင်းကျိုးကတော့ ရုပ်ပုံတွေကို ပိုမိုကြည်လင်ပြတ်သားစွာ မြင်ရမယ့် “Foveated Rendering” စနစ်ပါ။ HTC Vive Pro Eye ရဲ့ Eye-tracking နည်းပညာကို အသုံးပြုပြီး၊ Headset ထဲက မြင်ကွင်း အစိတ်အပိုင်းတနေရာကို ဂရပ်ဖစ်လုပ်ဆောင်မှု ပိုကောင်းအောင် ချိန်ညှိပေးမယ့် စနစ်တခု ဖြစ်ပါတယ်။
Headset ဟာ အသုံးပြုသူ ကြည့်နေတဲ့ နေရာကို သိရှိနိုင်တာကြောင့် အဆိုပါ မြင်ကွင်းကို ပိုမို ကြည်လင်ပြတ်သားအောင် ကွန်ပျူတာ စွမ်းဆောင်ရည် တိုးမြှင့်ပြီး အသုံးပြုသူ အာရုံစိုက် မကြည့်တဲ့ ဘေးဘက်မြင်ကွင်းပုံရိပ်တွေကိုတော့ ပြတ်သားမှုလျော့ပစ်မှာ ဖြစ်ပါတယ်။
ယခုနည်းစနစ်ကြောင့် VR Apps တွေ အလုပ်လုပ်ဖို့အတွက် စုစုပေါင်း ဂရပ်ဖစ်လိုအပ်ချက်ကို လျော့ချနိုင်မှာ ဖြစ်သလို Developers တွေအနေနဲ့လည်း အာရုံစိုက် ကြည့်တဲ့ နေရာတခုကို ပိုမိုကြည်လင်ပြတ်သားအောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
Eye-tracking နည်းပညာ ပါဝင်လာတာရဲ့ ဒုတိယအကျိုးကျေးဇူးကတော့ MLB Home Run Derby VR လို ဂိမ်းတွေမှာ Menu တွေ Settings တွေ ဝင်ဖို့အတွက် နောက်ထပ် Controller တွေ မလိုတော့တာပါ။ Option တခုကို စိုက်ကြည့်လိုက်ရုံနဲ့ Cursor မြှား ဒါမှမဟုတ် စက်ဝိုင်းတခု အလိုလိုပေါ်လာမှာဖြစ်ကာ အလွယ်တကူ ရွေးချယ်မှုပြုလုပ်နိုင်ပါလိမ့်မယ်။ ဒီနည်းအားဖြင့် ကိုယ်လက်အင်္ဂါ မသန်စွမ်းသူတွေပါ VR Headset တွေကို ကောင်းကောင်း အသုံးချလာနိုင်မှာပါ။
HTC Vive Pro Eye ရဲ့ ဈေးနှုန်းကိုတော့ မသိရသေးပါဘူး။ ၂၀၁၉ ခုနှစ်၊ ဒုတိယ သုံးလပတ်အတွင်း ထွက်ရှိလာမယ်လို့တော့ သိထားရပါတယ်။ မူလ Vive Pro ကို ၇၉၉ ဒေါ်လာနဲ့ ရောင်းချနေတာကြောင့် Vive Pro Eye ရဲ့ ဈေးနှုန်းကလည်း နည်းမှာတော့ မဟုတ်ပါဘူး။
Ref: Gizmodo, The Verge