IT

လမ်းလျှောက်သွားလာနိုင်တဲ့ မော်တော်ကားကို Hyundai ပြသ

Hyundai ဟာ ဘီးတပ်စက်ရုပ်ခြေထောက်တွေနဲ့ လမ်းလျှောက်သွားလာနိုင်တဲ့ မော်တော်ကားမော်ဒယ်အသေးစားတခုကို CES 2019 နည်းပညာပြပွဲမှာ မိတ်ဆက်ပြသခဲ့ပါတယ်။

“Elevate” လို့ အမည်ပေးထားပြီး၊ သာမန်လမ်းကြမ်းမောင်း မော်တော်ကားတွေ မမောင်းနှင်နိုင်တဲ့ နေရာမျိုးတွေကို သွားလာနိုင်မယ့် ဘီးတပ်ခြေထောက်ပါ လျှပ်စစ်ကားတစီးဖြစ်ပါတယ်။

ငလျင်၊ မုန်တိုင်း၊ ရေဘေးနဲ့ အခြားသဘာဝ ဘေးအန္တရာယ်တွေ ကျရောက်ရာဒေသတွေမှာ ရှာဖွေကယ်ဆယ်ရေးနဲ့ အကူအညီ ပေးအပ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့အတွက် ရည်ရွယ်ထုတ်လုပ်နေတာဖြစ်ပြီး၊ ကိုယ်လက်အင်္ဂါမသန်စွမ်းသူတွေအတွက်လည်း အသုံးဝင်မယ်လို့ Hyundai က ဆိုပါတယ်။

“ဘီးတပ်ကုထားထိုင်အတွက် ဆင်ခြေလျှောမရှိတဲ့ အဆောက်အဦက မသန်စွမ်းသူတွေအနေနဲ့ မောင်းသူမဲ့ Hyundai Elevate ကားကို အိမ်ရှေ့တံခါးပေါက်ထိ လာကြိုခိုင်းနိုင်ပါတယ်။ ကားကိုဘီးတပ်ကုလားထိုင်နဲပ တပြေးညီဖြစ်အောင် လုပ်ပြီး၊ အလွယ်တကူ ဝင်ရောက် စီးနင်းနိုင်မှာပါ” လို့ ယခုကားကို အကောင်အထည်ဖော်ခဲ့တဲ့ ကုမ္ပဏီအဖွဲ့ခေါင်းဆောင်၊ Hyundai ဒု-ဥက္ကဋ္ဌ John Suh က ပြောကြားပါတယ်။

Hyundai Elevate ကားကို အမှန်တကယ် ထုတ်လုပ်နိုင်ခြင်းတော့ မရှိသေးပါဘူး။ ဒါပေမယ့် ၁/၅ အချိုးချ တည်ဆောက် ထားတဲ့ ပုံစံတူမော်ဒယ်တွေမှာ ဒီနည်းပညာကို အောင်မြင်စွာ စမ်းသပ်ပြီးဖြစ်တယ်လို့ ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူ တဦးက ပြောကြားခဲ့ပါတယ်။

Hyundai က ထုတ်ပြန်ခဲ့တဲ့ ကြော်ငြာဗီဒီယိုမှာတော့ Elevate ကားဟာ အပြင်အခြေအနေမရွေး အလွယ်တကူ သွားလာနိုင်တာကို တွေ့မြင်ရမှာပါ။

ညီညာချောမွေ့တဲ့မျက်နှာပြင်မှာ သာမန်မော်တော်ကားတစီးလို ဘီးလေးဘီးစလုံးနဲ့ မောင်းနှင်နိုင်ပြီး၊ မတ်စောက်ကြမ်းတမ်းတဲ့ မျက်နှာပြင်တွေမှာတော့ ဘီးတပ်ခြေထောက်ကို ဆွဲထုတ်ကာ၊ လမ်းလျှောက်သလို သွားလာနိုင်ပါတယ်။

Elevate ကားမှာ လမ်းလျှောက်ဖို့ Walking Mode အနေနဲ့ နှစ်မျိုးပါရှိမှာပါ။ ‘Reptilian Mode’ မှာ ကားဟာ တွားသွားသတ္တဝါတကောင်လို ခြေထောက်တွေ ဆန့်ကားသွားလာနိုင်ပြီး၊ ‘Mammalian Mode’ မှာတော့ ခြေထောက်ကို အရှည်ဆန့်ထုတ်ကာ နို့တိုက်သတ္တဝါတကောင်လို သွက်လက်စွာ သွားလာနိုင်မှာပါ။

Elevate ကားဟာ လမ်းလျှောက်သွားလာစဉ်မှာ ဦးတည်ဘက်ပေါင်းစုံကို ပြောင်းလဲသွားလာနိုင်ပါတယ်။ ငါးပေအကွာအဝေးအထိ ကျော်ခွသွားလာနိုင်ပြီး၊ ငါးပေအမြင့်ရှိတဲ့ ကျောက်တောင်နံရံတွေကိုလည်း ကျော်တက်နိုင်တယ်လို့ ဆိုပါတယ်။

လောလောဆည်တော့ Elevate ကားဟာ ရှေ့ပြေးမော်ဒယ်အဆင့်မှာပဲ ရှိသေးပါတယ်။ Hyundai ကားပြခန်းတွေဆီ ရောက်လာဖို့တော့ အစီအစဉ်မရှိသေးဘူးလို့ ကုမ္ပဏီရဲ့ပြောရေးဆိုခွင့်ရှိသူတဦးက ပြောကြားခဲ့ပါတယ်

Ref: NBC News, Engadget

Loading