မကြာမီအချိန်အတွင်း Google Assistant ကို သင့် ကိုယ်ပိုင် စကားပြန်တယောက်လို အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။
Google ဟာ ဘာသာစကား ၂၇ မျိုးကို အချိန်နဲ့ တပြေးညီ စကားပြန်ပေးနိုင်မယ့် ‘Interpreter Mode’ အသစ်ကို Google Assistant မှာ ထည့်သွင်းပေးတော့မှာ ဖြစ်ကြောင်း ယနေ့ ဇန်နဝါရီ ၉ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ ဘာသာစကားမတူသူ အချင်းချင်း အလွယ်တကူ ပြောဆိုဆက်သွယ်နိုင်စေဖို့ ဖြစ်ပါတယ်။
“Hey, Google, be my French interpreter” လို့ ပြောလိုက်ရုံနဲ့ Google Assistant က သင်ပြောလိုက်တဲ့ စကားလုံးတိုင်းကို ပြင်သစ်ဘာသာစကားအဖြစ် Smart Display မှာ စာသား၊ အသံနဲ့ စကားပြန်ပေးမှာပါ။ ထို့နောက်မှာတော့ တဖက်လူ ပြန်ပြောဖို့အတွက် မိုက်ခရိုဖုန်း ပွင့်လာမှာဖြစ်ပြီး၊ ပြောသမျှ စကားလုံးတိုင်းကို စခရင်ပေါ်မှာ တဖန် စကားပြန်ပေးမှာ ဖြစ်ပါတယ်။
Google Assistant ကိုယ်တိုင်က အသံထွက် ဘာသာပြန်ပေးနိုင်တဲ့အတွက် စကားပြန်တယောက် ရှိနေသလို အသုံးပြုနိုင်မှာပါ။
Google Assistant ပြောလိုက်တဲ့ ဘာသာစကားကို အလိုလိုသိရှိနိုင်တဲ့အတွက် ဘာသာစကား ရွေးချယ်နေစရာ လိုမှာမဟုတ်ပါဘူး။ ဒါပေမယ့် စကားတခွန်း ပြောပြီးတိုင်း စကားပြန်ပေးဖို့ အချိန်အနည်းငယ်တော့ စောင့်ရမှာ ဖြစ်ပါတယ်။
Interpreter Mode ဟာ အမှားအယွင်း အနည်းငယ်ပါတာကလွဲရင် ကောင်းမွန်စွာ အလုပ်လုပ်ကြောင်း The Verge ရဲ့ စမ်းသပ်ချက်မှာ တွေ့မြင်နိုင်မှာပါ။
စကားပြန်ပေးဖို့ အချိန်အနည်းငယ် စောင့်ရတဲ့အတွက် သာမန်စကားပြောသလိုတော့ ရှောရှောရှူရှူ ပြောနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဘာသာစကားမတူတဲ့ နေရာဒေသတွေမှာ စကားပြန်မလိုဘဲ ဆက်သွယ်ပြောဆိုနိုင်မယ့် အချက်ကတော့ ကျေနပ်စရာ ဖြစ်ပါတယ်။
Google Assistant ဟာ ပြီးခဲ့တဲ့ သြဂုတ်လကတည်းက ဘာသာစကား ၂ မျိုးကို တချိန်တည်း နားလည်နိုင်နေပြီ ဖြစ်ပါတယ်။ ယခု Interpreter Mode ရဲ့ နောက်ကွယ်က နည်းပညာနဲ့ အတူတူပါပဲ။
Pixel Buds နဲ့ Google Assistant သုံး နားကြပ်တိုင်းမှာလည်း တိုက်ရိုက်စကားပြန်လုပ်ဆောင်ချက်မျိုး ရရှိပြီး ဖြစ်ပါတယ်။
Google Assistant ရဲ့ ‘Interpreter Mode’ အသစ်ကို Google Home Hub တွေမှာ အရင် ရရှိမှာဖြစ်ပြီး၊ ဟိုတယ်ဧည့်ကြိုကောင်တာတွေမှာ စတင် ထားရှိစမ်းသပ်နေပြီ ဖြစ်ပါတယ်။ မကြာမီလအနည်းငယ်အတွင်း Google Home စမတ်ပစ္စည်းတိုင်းနဲ့ LG ၊ Lenovo ၊ JBL စတဲ့ တခြားကုမ္ပဏီထုတ် Smart Display တိုင်းမှာ ရရှိလာမှာ ဖြစ်တယ်လို့ သိရပါတယ်။
Google Assistant ရဲ့ စကားပြန်စနစ် အသုံးပြုနိုင်မယ့် ဘာသာစကားတွေကတော့ အာရဗီ၊ တရုတ်၊ ချက်၊ ဒိန်းမတ်၊ ဒတ်ချ်၊ အင်္ဂလိပ်၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ ဂရိ၊ ဟင်ဒီ၊ ဟန်ဂေရီ၊ အင်ဒိုနီးရှား၊ အီတလီ၊ ဂျပန်၊ ကိုရီးယား၊ ပိုလန်၊ ပေါ်တူဂီ၊ ရိုမေးနီးယား၊ ရုရှား၊ ဆလိုဗက်ကီးယား၊ စပိန်၊ ဆွီဒင်၊ ထိုင်း၊ တူရကီ၊ ယူကရိန်း နဲ့ ဗီယက်နမ် ဘာသာစကားတွေ ဖြစ်ပါတယ်။ နောက်ထပ် ဘာသာစကားတွေလည်း ထပ်ပါဝင်လာဖို့ ရှိပါတယ်။
Ref: The Verge