Gamer တွေကို အသားပေးထုတ်လုပ်ထားတဲ့ Alienware Laptops တွေဟာ စွမ်းဆောင်ရည်ကော၊ ဒီဇိုင်းပါ လှပကောင်းမွန်တဲ့ Gaming Laptop တွေ ဖြစ်ပါတယ်။
နှစ်တွေကြာလာပေမယ့် Alienware Laptop တွေရဲ့ ဒီဇိုင်းအသွင်အပြင်ကတော့ သိသိသာသာပြောင်းလဲမှု မရှိခဲ့ပါဘူး။ ဒါပေမဲ့ အခုအသစ်မိတ်ဆက်လိုက်တဲ့ Laptop ကတော့ နှစ်များစွာအတွင်း ကြီးမားတဲ့ပြောင်းလဲမှုတခုလို့ ဆိုနိုင်ပါတယ်။
Alienware ဟာ ယခုလက်ပ်တော့အသစ်ကို ကုမ္ပဏီရဲ့ ပထမဆုံး Laptop အတိုင်း Area 51m လို့ပဲ နာမည်ပြန် ပေးထားပါတယ်။ Alienware 51m ဟာ ဒီဇိုင်းပိုင်းအရ ပြောင်းလဲထားတဲ့ Laptop တလုံးဖြစ်သလို တခြား Gaming laptop တွေနဲ့ မတူတဲ့ စွမ်းဆောင်ရည်လည်း ပါဝင်လာပါတယ်။
CPU နဲ့ Nvidia RTX 20-series ဂရပ်ဖစ်ကတ်တွေကို အသုံးပြုသူကိုယ်တိုင် အလွယ်တကူ ဖြုတ်တပ်၊ လဲလှယ်နိုင်တာပါ။ CPU ကို 9th Generation Intel Core i9-9900K desktop ပရိုဆက်ဆာအထိ ရွေးချယ်နိုင်ပြီး GPU ကို Nvidia GeForce RTX 2080 အထိ ရွေးချယ်နိုင်ပါတယ်။ Storage ကိုလည်း 1TB RAID 0 m.2 SSD ၂ ခု အပြင် 1TB Hybrid Drive တခုပါ တပ်ဆင်နိုင်ပါသေးတယ်။
ဒီလို အမိုက်စားတွေ လုပ်ထားတဲ့ Alienware 51m ရဲ့ ဈေးနှုန်းကလည်း မသေးပါဘူး။ အနိမ့်ဆုံးဟာ့ဒ်ဝဲတွေနဲ့ ယူမယ်ဆိုရင်တောင် အနည်းဆုံး ၂,၅၄၉ ဒေါ်လာ ကျသင့်ပြီး၊ အမြင့်ဆုံးမော်ဒယ်လိုချင်ရင် ဒေါ်လာ ၄,၈၀၀ ကျော်လောက် ရှိသွားပါမယ်။
Desktop Processors ကို Intel Z370 Chipset နဲ့ ကိုက်ညီတဲ့ CPU တိုင်း ပြောင်းလဲ တပ်ဆင်နိုင်မှာပါ။ RAM ၊ SSD နဲ့ HDD တို့ကိုလည်း လဲလှယ်တပ်ဆင်နိုင်ပါတယ်။ ဒါပေမဲ့ GPU socket ကိုတော့ RTX 20-စီးရီး ကတ်တွေအတွက် Dell ကိုယ်ပိုင် DGFF (Dell Graphics Form Factor) ကို အသုံးပြုထားတဲ့အတွက် GPU လဲချင်ရင်တောင် တခြားမှာ ဝယ်လို့ လွယ်မှာ မဟုတ်ပါဘူး။
Alienware 51m ရဲ့ Display က ၁၇.၃ လက်မအထိ ရှိပြီး Display အမျိုးအစားကိုလည်း မျိုးစုံ ထပ်ရွေးနိုင်ပါတယ်။ ရိုးရိုး 60Hz display ၊ G-Sync ပါတဲ့ 60Hz Display ၊ ဒါမှမဟုတ် Tobii မျက်လုံးရွေ့လျားမှုအာရုံခံစနစ်ပါတဲ့ 144Hz Display ၊ G-Sync နဲ့ 144Hz display နဲ့ G-Sync ကော Tobii ပါ ပါတဲ့ 144Hz display ဆိုပြီး စိတ်ကြိုက် ရွေးနိုင်ပါသေးတယ်။
Alienware Area 51m ဟာ ၁၇ လက်မ လက်ပ်တော့ကိုယ်ထည်၊ ကြီးမားတဲ့ အအေးပေးစနစ်၊ အစိတ်အပိုင်း ဖြုတ်တပ်နိုင်စွမ်းတွေ ပါဝင်တာကြောင့် အရွယ်အစားကလည်း ကြီးမားပါတယ်။ အထူက အများဆုံး ၄၂ မီလီမီတာအထိ ရှိပြီး အလျားနဲ့အနံ ၄၁၀ မီလီမီတာ x ၄၀၂ မီလီမီတာ အထိ ရှိမှာ ဖြစ်ပါတယ်။ အလေးချိန်ကတော့ ၃.၈၇ ကီလိုဂရမ်ဆိုတော့ အရမ်းကြီးတော့ မလေးပါဘူး။
Ref: Engadget, The Verge