ကမ္ဘာ့အကြီးဆုံး နည်းပညာပြပွဲကြီးတခုဖြစ်တဲ့ CES (Consumer Electronics Show) 2019 ကတော့ ဇန်နဝါရီလ ၁၁ ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ Nevada ပြည်နယ်၊ Las Vegas မြို့ရှိ Las Vegas Convention Center မှာ အောင်မြင်စွာ ကျင်းပ ပြီးစီးသွားခဲ့ပါပြီ။
CES ပွဲမှာ မိုဘိုင်းဖုန်း၊ တီဗီ၊ လက်ပ်တော့၊ မောင်းသူမဲ့ယာဉ်၊ စမတ် အိမ်သုံးပစ္စည်း စတဲ့ နည်းပညာထုတ်ကုန်သစ် အမျိုးမျိုးကို ကုမ္ပဏီပေါင်းစုံက မိတ်ဆက် ပြသခဲ့ကြပါတယ်။ ဒါပေမဲ့ CES ပွဲမှာ ရေပန်းအစားဆုံး နည်းပညာပစ္စည်းတခုကတော့ စမတ်အိမ်သာ (Smart Toilet) တွေပါ။ အင်တာနက်ချိတ်ဆက်မှှု၊ အသံထိန်းချုပ်စနစ် စတဲ့ အဆင့်မြင့်နည်းပညာတွေကို ထည့်သွင်းထားတဲ့ စမတ်အိမ်သာတွေ ဖြစ်ပါတယ်။
(၁) Toto Neorest NX2
ကမ္ဘာ့အကြီးဆုံး အိမ်သာသုံးပစ္စည်း ထုတ်လုပ်သူ ကုမ္ပဏီ Toto ဟာ CES 2019 ပွဲမှာ Neorest NX2 ဆိုတဲ့ အဆင့်မြင့် စမတ်အိမ်သာကို မိတ်ဆက် ပြသခဲ့ပါတယ်။ ရေတိုက်စားမှုကြောင့် ဖြစ်ပေါ်လာတဲ့ ကျောက်စရစ်ခဲလေးတွေရဲ့ အလှကို ဒီဇိုင်းယူ ထုတ်လုပ်ထားတဲ့ ဝိုင်းစက်စက် အိမ်သာတလုံး ဖြစ်ပါတယ်။
Neorest NX2 မှာ အနားကပ်လာတာနဲ့ အိမ်သာအဖုံးကို အလိုအလျောက် အဖွင့်၊ အပိတ် လုပ်ပေးနိုင်တဲ့ အဆင့်မြင့် အာရုံခံကိရိယာတွေ ပါဝင်သလို၊ လူကိုယ်တိုင် ခလုတ်နှိပ်စရာ မလိုဘဲ ရေ အလိုလို ဆွဲချပေးနိုင်ပါတယ်။ ရီမုတ်နဲ့ ရေဆွဲချချင်လည်း ရပါတယ်။ ကိစ္စပြီးသွားရင် ရီမုတ်နဲ့ ရေဆေးနိုင်သလို၊ လေပူပေးပြီး အခြောက်ခံနိုင်ပါတယ်။
ရေထိုးတဲ့ အနေအထား၊ ပြင်းအားနဲ့ ရေအပူချိန်တို့ကိုလည်း ရီမုတ်ကနေ ထိန်းချုပ်နိုင်မှာပါ။ သက်တောင့်သက်သာဖြစ်ဖို့အတွက် အိမ်သာထိုင်ခုံကို အပူပေးထားလို့လည်း ရပါတယ်။
Neorest NX2 အိမ်သာဟာ အားလုံးပြီးစီးသွားတဲ့အခါ လျှပ်လိုက်ရည် (Electrolyzed water) နဲ့ UV အလင်းရောင်တို့ကို အသုံးပြုပြီး အညစ်အကြေးတွေကို ပြောင်စင်အောင် ရှင်းပေးနိုင်ပါတယ်။ ဒါ့အပြင် အနံ့အသက် မထွက်စေဖို့အတွက် အမွှေးဖြန်းစနစ်လည်း အိမ်သာခွက်ထဲမှာ ပါဝင်မှာပါ။
Toto ရဲ့ Neorest NX2 စမတ်အိမ်သာဟာ အဆင့်မြင့်သလို ဈေးကလည်း မသေးပါဘူး။ အနည်းဆုံး ဒေါ်လာ ၁၃,၀၀၀ ပေးရပါလိမ့်မယ်။
(၂) Kohler Numi 2.0 Intelligent Toilet
Kohler ရဲ့ Numi 2.0 စမတ် အိမ်သာမှာတော့ သင် တခါမှ မစဉ်းစားဖူးတဲ့ လုပ်ဆောင်ချက်တခု ပါဝင်ပါတယ်။ Amazon ရဲ့ Alexa အသံထိန်းချုပ်စနစ် ပါဝင်တာပါ။ Numi 2.0 ဟာ အိမ်သာတလုံးအပြင်၊ စပီကာစနစ်တခုလို့ ဆိုရင်လည်း မမှားပါဘူး။ Alexa ကနေ သီချင်းဖွင့်လို့ရတဲ့ အရည်အသွေးမြင့် စပီကာတွေ ပါဝင်ပြီး၊ သီချင်းသံအလိုက် အရောင်ပြောင်းပေးမယ့် မီးအလင်းရောင်စနစ်လည်း ပါဝင်ပါတယ်။ သူ့ဈေးကတော့ ဒေါ်လာ ၇,၀၀၀ ပါ။
(၃) Inubox
စမတ်အိမ်သာဆိုတာ လူသားတွေအတွက်ပဲလို့ ထင်ရင် မှားသွားပါလိမ့်မယ်။ သင့်ရဲ့ အိမ်မွေးတိရိစ္ဆာန်လေးတွေအတွက် ထုတ်လုပ်ထားတဲ့ စမတ် အိမ်သာတွေလည်း ရှိပါတယ်။ Inubox စမတ်အိမ်သာကတော့ ခွေးလေးတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတာပါ။ ခွေးလေးတွေ အညစ်အကြေး စွန့်ပြီး ထွက်သွားတာနဲ့ အဖုံးကို အလိုလိုပိတ်ပစ်ကာ တမိနစ်အတွင်း ပြောင်စင်အောင် သန့်စင် ပေးနိုင်ပါတယ်။
သန့်ရှင်းပြီးတာနဲ့ နောက်တခါ ထပ်သုံးနိုင်အောင် ပြန်ဖွင့်ပေးမှာပါ။ ခွေး အညစ်အကြေး၊ ကျင်ငယ်ရည်တို့ကို အခဲအဖြစ် စက်တွင်း ပြောင်းလဲကာ အလိုလို အိတ်ပိတ် ထုတ်ပေးထားမှာပါ။ အိတ်ပြည့်သွားမှ လွှင့်ပစ်ရုံပါပဲ။ Inubox ခွေးစမတ်အိမ်သာကိုတော့ လောလောဆယ် ဈေးကွက်မသွင်းရသေးပါဘူး။ Kickstarter ရန်ပုံငွေရှာဖွေရေးဝဘ်ဆိုဒ်ကနေ ဈေးကွက်ဝင်ထုတ်လုပ်ဖို့အတွက် ရင်းနှီးမြှုပ်နှံသူတွေ ရှာဖွေသွားမှာပါ။
(၄) Lavviebot
ခွေးတွေအတွက် စမတ်အိမ်သာရှိသလို ကြောင်လေးတွေအတွက်လည်း စမတ်အိမ်သာ တမျိုးကို CES 2019 ပွဲမှာ မိတ်ဆက်သွားခဲ့ပါတယ်။ ကြောင်တွေဟာ ခွေးတွေထက် အိမ်ထဲမှာ အညစ်အကြေး ပိုသွားတတ်တာကြောင့် ဒီအိမ်သာက ကြောင်ချစ်သူတွေအတွက် တော်တော်အသုံးဝင်မှာပါ။
LavvieBot ဟာ အနံ ၂ ပေနဲ့ အလျား ၁ ပေခန့် ရှိပြီး၊ အဖြူရောင်တမျိုးပဲ ထုတ်ထားပါတယ်။ စက်ထဲမှာ ကြောင်လေးတွေ အညစ်အကြေး သွားဖို့အတွက် သဲခွက်တခု ပါရှိပြီး ကိစ္စပြီးသွားတာနဲ့ အလိုလို သဲနဲ့ ပြန်ဖုံးပေးနိုင်ပါတယ်။ သဲကို ရက်သတ္တပတ် တော်တော်ကြာမှ တခါ လဲရမှာပါ။
LavvieBot ထဲ သင့်ကြောင် ဝင်သွားတာနဲ့ စမတ်ဖုန်းမှာ သတိပေးချက် ဝင်လာမှာဖြစ်ပါတယ်။ သဲ လဲဖို့ အချိန်တန်ပြီဆိုရင်လည်း App က အလိုလို သတိပေးမှာ ဖြစ်ပါတယ်။ LavvieBot ကိုတော့ ၂၀၁၉ ခုနှစ်၊ မေလအတွင်း Indiegogo ကနေ ရောင်းချသွားမှာ ဖြစ်ပါတယ်။
Ref: Digital Trends