CES 2019 ပွဲမှာ ပြသခဲ့တဲ့ အမိုက်စား TV များ
ကမ္ဘာ့အကြီးဆုံး နည်းပညာပြပွဲတခုဖြစ်တဲ့ CES (Consumer Electronics Show) တိုင်းမှာ ပွဲလာပရိတ်သတ်တွေရဲ့ အာရုံကို အမြဲ ဖမ်းစားနိုင်ခဲ့တဲ့ ပစ္စည်းတွေကတော့ TV တွေပဲ ဖြစ်ပါတယ်။
စမတ်ဖုန်းနဲ့ တခြား အိမ်သုံး စမတ်ပစ္စည်းတွေလို တိုးတက်ပြောင်းလဲလာပေမယ့် တီဗီတွေကတော့ အရွယ်အစားကြီးမားတာကြောင့် တိုးတက်ပြောင်းလဲမှု သိပ်မရှိကြပါဘူး။ ဒါကြောင့် တီဗီမှာ နည်းပညာသစ် တခုခုပါလာရင်ကို အားလုံးက စိတ်ဝင်တစား ရှိကြပါတယ်။
ယခုရက်ပိုင်းအတွင်း ကျင်းပပြီးစီးခဲ့တဲ့ CES 2019 ပွဲမှာ အတွေ့ရဆုံးကတော့ 8K TV တွေပါ။ အရင်နှစ်တွေထက် ထူးခြားတာက 8K TV တွေကို အမှန်တကယ် ဝယ်ယူလာနိုင်တာပါ။ ဒါပေမဲ့ 8K ဗီဒီယိုတွေ မရှိသေးတာကြောင့် 8K TV ဝယ်မယ့်လူတွေ နည်းဦးမှာပါ။ 8K TV ထက် ထူးခြားတဲ့ တီဗီတွေကိုလည်း CES ပွဲမှာ တွေ့ခဲ့ရပါတယ်။ CES 2019 ပွဲမှာ ပြသခဲ့တဲ့ TV တွေကတော့
(၁) Samsung ရဲ့ ၇၅ လက်မ MicroLED 4K TV
MicroLED ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်က ထွက်ပေါ်ခဲ့တဲ့ OLED နည်းပညာပြီးနောက် အကြီးမားဆုံး TV နည်းပညာသစ် ဖြစ်ပါတယ်။ OLED ထက် ပိုမိုတောက်ပကောင်းမွန်တဲ့ ပုံရိပ်တွေကို ပေးစွမ်းနိုင်ပြီး၊ HDR အရည်အသွေးလည်း ပိုကောင်းလားပါတယ်။
Samsung ဟာ ယခုနှစ် CES ပွဲမှာ ၇၅ လက်မ အရွယ်အစား ရှိတဲ့ 4K MicroLED display တခုကို ပြသခဲ့ပါတယ်။ OLED နည်းတူ ပုံရိပ်ဖော်ဖို့အတွက် နောက်ခံအလင်း မလိုအပ်ဘဲ Pixel တခုချင်းစီ ကိုယ်ပိုင်အလင်းရောင် ထုတ်လွှတ်နိုင်တဲ့ Display တွေ ဖြစ်တာကြောင့် အလွန် ပါးလျပါတယ်။
၇၅ လက်မ အရွယ်အစားဟာ တချို့အိမ်တွေ အတွက် ကြီးမားလွန်းပါတယ်။ ဒါပေမဲ့ Samsung ရဲ့ MicroLED ဟာ အစိတ်အပိုင်း တခုချင်းစီ ဖြုတ်တပ်နိုင်တဲ့ Modular စနစ် ဖြစ်ပါတယ်။
TV မျက်နှာပြင်တခုလုံးက လေးထောင့်ကွက် Display လေးတွေ ပေါင်းစပ်ထားတာ ဖြစ်ကာ ဘက်ပေါင်းစုံကနေ စိတ်ကြိုက် အနေအထားနဲ့ တပ်ဆင်နိုင်ပါတယ်။ ဒါကြောင့် အလျားရှည်တဲ့ Ultrawide တီဗီ လိုချင်လား၊ အနံရှည်တဲ့ Ultratall တီဗီလိုချင်လား၊ တီဗီအရွယ်အစားကို ကိုယ့်စိတ်ကြိုက် ဆင်နိုင်မှာပါ။
(၂) ၉၈ လက်မ Samsung 8K TV
8K TV အရွယ်သေးသေး လိုချင်သူတွေအတွက် သတင်းကောင်းပါ။ Samsung ဟာ U.S မှာ ရောင်းချနေတဲ့ ၈၅ လက်မ 8K TV ကို နောက်ထပ် အရွယ်အစား ၃ မျိုး ထပ်ထုတ်ပေးသွားမယ်လို့ CES ပွဲမှာ ကြေညာခဲ့ပါတယ်။ ၈၂ လက်မ၊ ၇၅ လက်မ နဲ့ ၆၅ လက်မ မော်ဒယ်တွေပါ။ ဒါ့အပြင် ဧည့်ခန်းနံရံအပြည့် တီဗီလိုချင်သူတွေအတွက် ၉၈ လက်မ အထိ ရှိတဲ့ 8K TV မော်ဒယ်သစ်တမျိုးလည်း ထုတ်ပေးသွားမယ်လို့ ဆိုပါတယ်။
(၃) LG Signature OLED TV R
LG ရဲ့ နောက်ဆုံးထုတ် Signature TV က ရိုးရိုး TV မဟုတ်တော့ပါဘူး။ TV R ဖြစ်သွားပါပြီ။ အထဲကို လိပ်သိမ်းနိုင်တဲ့ (Rollable) Display နဲ့ပါ။ မျက်နှာပြင်က ၆၅ လက်မ အရွယ်အစားရှိပြီး ခလုတ်တချက် နှိပ်လိုက်ရုံနဲ့ အောက်ခြေ ကိုယ်ထည်အတွင်း အလိုလို လိပ်သိမ်းသွားမှာ ဖြစ်ပါတယ်။ ပြန်ထုတ်ချင်ရင် ခလုတ်တချက် ပြန်နှိပ်လိုက်ရုံပါပဲ။ ပြန်ထုတ်တဲ့အခါ တီဗီ အရွယ်အစား အပြည့် ပြန်ထုတ်နိုင်သလို သီချင်းဖွင့်ဖို့အတွက် လေးပုံတပုံလောက်ပဲ ပြန်ထုတ်နိုင်ပါတယ်။
(၄) LG ၈၈ လက်မ Z9 8K OLED TV
LG ဟာ CES 2019 မှာ LCD နဲ့ OLED TV မော်ဒယ် အများအပြားကို ပြသသွားခဲ့ပါတယ်။ ဒီထဲမှာ အမြင့်ဆုံး မော်ဒယ်တွေကတော့ ၈၈ လက်မ Z9 8K OLED TV နဲ့ ၇၅ လက်မ SM99 LCD တီဗီတွေ ဖြစ်ပါတယ်။ ဒါ့အပြင် LG ရဲ့ နာမည်ကျော် “Wallpaper” TV အပါးမော်ဒယ်အသစ် W9 လည်း ထွက်ရှိလာသလို၊ E9 ၊ C9 OLED TV မော်ဒယ်တွေလည်း တွေ့မြင်ခဲ့ရပါတယ်။ LG တီဗီမော်ဒယ်သစ်အကုန်မှာ Google Assistant စနစ်အပြင် Alexa ပါ ပါဝင်လာပါတယ်။
(၅) Sony ၉၈ လက်မ Z9G 8K TV
Sony ကတော့ CES ပွဲမှာ လိပ်လို့ရတဲ့ TV တွေ၊ Display နည်းပညာအသစ်တွေ မပြသနိုင်ခဲ့ပါဘူး။ အဲဒီ အစား TV ကုမ္ပဏီတွေ ပြိုင်နေကြအတိုင်း အရွယ်အစား ကြီးတာကိုပဲ အဓိက ပြသသွားခဲ့ပါတယ်။
Sony ရဲ့ 8K Z9G ဟာ ၉၈ လက်မ အထိ အရွယ်အစားရှိတဲ့ LCD တီဗီတလုံးဖြစ်ပြီး “Ultra-dense LED” အစိတ်အပိုင်းတွေ အသုံံးပြုထားတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ပုံရိပ်တခုမှာ တောက်ပနေတဲ့ ဧရိယာ တွေကိုပဲ ကွက်ပြီး နောက်ခံအလင်းပေးနိုင်ကာ၊ အလင်းအမှောင်ကွဲပြားမှု (Contrast) ကောင်းကောင်း ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ OLED မော်ဒယ်လိုချင်ရင်တော့ အကြီးဆုံး ၇၇ လက်မကို 4K မော်ဒယ်ပဲ ရဦးမှာပါ။
(၆) TCL 8K TV
CES 2019 ပွဲမှာ Samsung ၊ LG တို့ပဲ 8K TV တွေ ပြသခဲ့တာ မဟုတ်ပါဘူး။ တန်ဖိုးနည်း TV တွေနဲ့ နာမည်ရလာတဲ့ TCL ကလည်း ဆော့ဖ်ဝဲမိတ်ဆက်ကုမ္ပဏီ Roku နဲ့ ပူးပေါင်းကာ 8K TV မော်ဒယ်တခုကို ၂၀၁၉ မကုန်ခင် ထုတ်လုပ်သွားမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
8K မလိုဘဲ တီဗီကြီးကြီးပဲ လိုချင်တဲ့လူတွေအတွက် 6-Series တီဗီတွေအတွက် ၇၅ လက်မ မော်ဒယ်သစ် ထုတ်သွားမှာဖြစ်ကြောင်းလည်း ကြေညာခဲ့ပါတယ်။ Dolby Vision နဲ့ HDR10 ဖော်ပြနိုင်တဲ့ တီဗီ တလုံးဖြစ်ပြီး၊ ဒေါ်လာ ၁၈၀၀ လောက် ကျသင့်မှာပါ။ Best Buy ဝဘ်ဆိုဒ်ကနေ ဝယ်ယူနိုင်ပြီ ဖြစ်ပါတယ်။
(၇) Vizio ၇၅ လက်မ P စီးရီး Quantum X 4K TV
CES ပွဲ မတက်တာ တော်တော်ကြာပြီဖြစ်တဲ့ အမေရိကန်အခြေစိုက် Vizio ကုမ္ပဏီကို ယခုနှစ် CES မှာ ပြန်လည် မြင်တွေ့ခဲ့ရပါတယ်။ P-Series Quantum X TV အမျိုးမျိုးကိုလည်း ပြသသွားခဲ့ပါတယ်။ ဒီထဲမှာ 4K HDR TV ကို ၆၅ လက်မနဲ့ ၇၅ လက်မ နှစ်မျိုး ရရှိနိုင်မှာဖြစ်ကာ၊ အလင်းတောက်ပမှု အမြင့်ဆုံး 2,900 nits အထိ ထုတ်ပေးနိုင်တဲ့ TV တွေ ဖြစ်ပါတယ်။
Brightness အဲ့လောက်ကြီး မလိုချင်ဘူးဆိုရင်တော့ ရိုးရိုး Quantum TV တွေ ရှိပါတယ်။ Screen အရွယ်အစား အတူတူကိုပဲ Brightness 1,000 nits ဖြစ်သွားမှာပါ။ ဒါပေမဲ့ HDR ဗီဒီယိုတွေ ကြည့်ဖို့ လုံလောက်တဲ့ brightness ဖြစ်ပါတယ်။ Vizio ဟာ M-Series နဲ့ V-Series TV တွေကိုလည်း CES မှာ ပြသခဲ့ပါတယ်။
M-Series ကို Dimming Zone ၉၀ ပါတဲ့ ၄၃ လက်မ မော်ဒယ်ကနေ ၆၅ လက်မအထိ ဝယ်ယူနိုင်ပါတယ်။ V-Series ကိုတော့ Dimming Zone ၁၆ ဇုန်ပဲ ပါဝင်တဲ့ လက်မ ၄၀ မော်ဒယ်ကနေ ၇၅ လက်မ မော်ဒယ်အထိ ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။
(၈) Hisense ULED XD 4K TV
ပြိုင်ဘက်တီဗီကုမ္ပဏီတွေက ရုပ်ထွက်အရည်အသွေးနဲ့ အရွယ်အစားတို့ကို နှစ်ဆဖြစ်အောင် လုပ်နေချိန်မှာ Hisense ကတော့ သူ့နောက်ဆုံးပေါ်တီဗီတွေကို TV Panel ၂ ခု သုံးဖို့ လုပ်နေပါတယ်။
ULED XD နည်းပညာမှာ TV Panel ၂ ခုသုံးပြီး အနက်ရှိုင်းဆုံး အနက်ရောင်နဲ့ မျက်လုံးစူးမတတ် တောက်ပမှုကို ပေးစွမ်းဖို့အတွက် ပိုမို ကောင်းမွန်တဲ့ Chipset နဲ့ ပုံရိပ်ဖော်မှုအယ်ဂရစ်သမ်တွေကို သုံးထားတယ်လို့ ကုမ္ပဏီက ဆိုပါတယ်။
LED Backlight မီးရှေ့မှာ 4K RGB Display ကို ရှေ့ဆုံးက တပ်ထားပြီး၊ Backlight နဲ့ 4K Panel အကြားမှာတော့ အဖြူ၊အနက်ပဲ ပြနိုင်တဲ့ 1080p greyscale panel တခု တပ်ထားပါတယ်။ ဒီနည်းအားဖြင့် အမှောင်ပြတဲ့အခါမှာ LED မီးမှိန်ထားတဲ့နေရာမှာ အဖြူ အနက် B&W ပုံရိပ်ကို မြင်တွေ့ရမှာပါ။ အနက်ရောင် ပိုနက်ရှိုင်း ထင်ရှားသွားမှာ ဖြစ်ပါတယ်။
ကိန်းဂဏန်းအတိအကျ မပြောထားပေမယ့် Brightness 2,900 nits အထိ ပေးစွမ်းနိုင်ပြီး LCD Panel တွေထဲမှာ အလင်းအမှောင်နဲ့ ကာလာကွဲပြားမှု အမြင့်ဆုံး ဖြစ်တယ်လို့ ဆိုထားပါတယ်။
ULED XD TV ကို တရုတ်နိုင်ငံမှာ ယခုနှစ်ကုန်ပိုင်းလောက် စတင် ရောင်းချသွားဖို့ ရှိပါတယ်။
Ref: The Verge