Xiaomi ရှယ်ယာပါ YI Technologies ကုမ္ပဏီက အိမ်လုံခြုံရေးကင်မရာ မော်ဒယ်အသစ် Home Camera 3 ကို မိတ်ဆက်လိုက်ပါတယ်။ AI နည်းပညာသုံး အသိပေးစနစ်၊ အဆင့်မြင့် အသံနှင့် လှုပ်ရှားမှု အာရုံခံစနစ် စတဲ့ ဆန်းသစ်တဲ့ လုပ်ဆောင်ချက် အများအပြား ပါဝင်တဲ့ လုံခြုံရေးကင်မရာတလုံး ဖြစ်ပါတယ်။
CES 2019 နည်းပညာပြပွဲမှာ မိတ်ဆက်ခဲ့တာ ဖြစ်ပြီး ဒေါ်လာ ၄၀ ခန့်နဲ့ အမေရိကန်ဈေးကွက်အတွင်း ဇန်နဝါရီလကုန်မှာ စတင် ရောင်းချသွားမှာပါ။
YI Home Camera 3 ဟာ FHD (1920×1080) အရည်အသွေးရှိ ဗီဒီယိုတွေကို သတ်မှတ် အချိန်ကာလတခုအထိ ကုမ္ပဏီရဲ့ Cloud Storage မှာ အလိုလို သိမ်းပေးထားနိုင်ပါတယ်။ ဒီကင်မရာရဲ့ အဓိက ထူးခြားတဲ့ စွမ်းဆောင်ရည်ကတော့ အဆင့်မြင့် အရာဝတ္ထုနဲ့ အသံအာရုံခံစနစ် ပါဝင်တာပါ။
အရေးမကြီးတဲ့ လှုပ်ရှားမှုတွေကို ဖမ်းယူရရှိရင် အသုံးပြုသူထံ သတိပေးချက်ပေးပို့မှာ မဟုတ်ပါဘူး။ ဥပမာအားဖြင့် ပိုးကောင်မွှားကောင် ပျံသန်းမှု၊ အရေးမကြီးတဲ့ အသံလှိုင်းများ၊ အလင်းရောင်တန်းလှုပ်ရှားမှုများနဲ့ ကင်မရာမြင်ကွင်းအတွင်း အိမ်မွေးတိရိစ္ဆာန် ဖြတ်သွားတာမျိုး စတဲ့ အခြေအနေတွေကို “False positive” အဖြစ် သတ်မှတ်ကာ အသုံးပြုသူထံ သတိပေးချက် ပို့မှာ မဟုတ်ပါဘူး။
အဆင့်မြင့် အသံဖမ်းယူမှု အယ်ဂရစ်သမ်က ၁၆ ပေ အကွာအဝေးအတွင်းက အသံလှိုင်းတွေကို ဖမ်းယူနိုင်ပြီး သတိပေးချက် မြည်သင့်လားဆိုတာ အလိုလို ခွဲခြားပေးမှာ ဖြစ်ပါတယ်။
ကင်မရာက ဖမ်းယူထားတဲ့ ဗီဒီယိုတွေကို ကုမ္ပဏီ Cloud Storage မှာ ၇ ရက်အထိ သိမ်းထားနိုင်ပြီး ၆ လ တိတိ ဝန်ဆောင်မှု အခမဲ့ ပေးသွားမှာ ဖြစ်ပါတယ်။ နောက်ထပ် Cloud Storage အစီအစဉ်တွေလည်း ထပ်ဝယ်နိုင်ပါတယ်။ YI Home Camera 3 ကို အမေရိကန်ဈေးကွက်အပြင် အာရှဈေးကွက်မှာလည်း ဖြန့်ချိဖို့ ရှိတယ်လို့ သိရပါတယ်။
Ref: Gadgets NDTV