အမေရိကန်ပြည်ထောင်စု၊ Las Vegas မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ CES 2019 ပွဲမှာ အရင်နှစ်တွေ အတိုင်း ကုမ္ပဏီမျိုးစုံက Laptop မော်ဒယ်သစ်မျိုးစုံကို မိတ်ဆက် ပြသခဲ့ပါတယ်။
ပြသခဲ့တဲ့ Laptop တွေထဲမှာ GeForce RTX ဂရပ်ဖစ်ကတ် ပါဝင်တဲ့ Gaming Laptop တွေကနေ၊ AMD Processors သုံး Chromebooks တွေ၊ CPU နဲ့ GPU လဲလှယ်နိုင်တဲ့ Laptop တွေ၊ Desktop အစားထိုး Laptop တွေ စသဖြင့် တီထွင်ဆန်းသစ်မှု အမျိုးမျိုးနဲ့ Laptop တွေ ပါဝင်ခဲ့ပါတယ်။
ယခု ဆောင်းပါးမှာတော့ CES မှာ မိတ်ဆက်ခဲ့သမျှ Laptop တွေထဲက အကောင်းဆုံးနဲ့ လူကြိုက်အများဆုံး Laptop မော်ဒယ်တွေကို ရွေးချယ် ဖော်ပြလိုက်ပါတယ်။
(၁) Alienware Area-51M
Alienware ရဲ့ ပထမဆုံး Laptop နာမည်အတိုင်း ပြန်ပေးထားတဲ့ Area-51M Laptop ဟာ CES 2019 ပွဲမှာ လူစိတ်ဝင်စားမှုအများဆုံး Laptop တလုံး ဖြစ်ခဲ့ပါတယ်။ ဒီ Laptop ရဲ့ ထူးခြားချက်ကတော့ အတွင်းက RAM ၊ Storage တွေအပြင် CPU နဲ့ GPU တို့ကိုပါ အသုံးပြုသူ စိတ်ကြိုက် လဲလှယ်တပ်ဆင်နိုင်တာပါ။
အရင် Alienware Laptop တွေနဲ့ မတူ တမူထူးခြားတဲ့ ဒီဇိုင်း၊ ကောင်းမွန်တဲ့ Specification တွေနဲ့ ယခု Laptop ကို အနိမ့်ဆုံး ၂,၅၄၉ ဒေါ်လာနဲ့ ယခုလအတွင်း စတင် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။
ဆက်စပ် သတင်းလင့်ခ် – CPU နဲ့ GPU လဲလှယ် တပ်ဆင်နိုင်မယ့် Area 51m Laptop ကို Alienware မိတ်ဆက်
(၂) Alienware m17
Alienware ရဲ့ m17 Gaming Laptop ဟာ ကုမ္ပဏီက ထုတ်ဖူးသမျှ ၁၇ လက်မ Laptop တွေထဲမှာ အပါးဆုံးနဲ့ အပေါ့ဆုံး Laptop တလုံး ဖြစ်ပါတယ်။ အထူက ဝ.၉၁ လက်မခန့်သာ ရှိသလို၊ အလေးချိန်ကလည်း ၅.၈ ပေါင်သာ ရှိပါတယ်။ ၁၇ လက်မ Gaming Laptop တလုံးအနေနဲ့ တော်တော် ပေါ့တဲ့ အလေးချိန်ပါ။
m17 ကို အနိမ့်ဆုံး Nvidia GeForce GTX 1050 Ti ကနေ အမြင့်ဆုံး GeForce RTX 2080 Max-Q ဂရပ်ဖစ်ကတ်အထိ ရွေးချယ် ဝယ်ယူနိုင်ပါတယ်။ CPU ကိုတော့ Intel Core i5 ၊ i7 နဲ့ Core i9 ဆိုပြီး ၃ မျိုး ရွေးချယ်နိုင်မှာပါ။ ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ၁,၆၄၉.၉၉ ဒေါ်လာနဲ့ စတင်ရောင်းချမှာ ဖြစ်ပါတယ်။
Alienware m17 ရဲ့ Display ကို 1080p နဲ့ 4K မော်ဒယ်နှစ်မျိုး ရွေးချယ်နိုင်ပါတယ်။ ဘယ်မော်ဒယ်ယူယူ Refresh Rate က 60Hz ပဲ ရှိတာကိုတော့ သတိချပ်သင့်ပါတယ်။
(၃) Acer Predator Triton 900
CES 2019 ပွဲမှာ နှစ်မျိုးသုံး Hybrid Gaming Rig တွေ ရေပန်းစားခဲ့ပါတယ်။ Acer ရဲ့ Predator Trion 900 လည်း အပါအဝင်ပါ။ ဒီ Laptop ကို Tablet အနေနဲ့ပါ အသုံးပြုလို့ ရပါတယ်။ ဒါပေမဲ့ 2-in-1 Laptop တွေလို Display တော့ ဖြုတ်မရပါဘူး။ အဲဒီအစား Display ကို ရှေ့ထုတ် အသုံးပြုရမှာပါ။
ဒီ Laptop ရဲ့ အဓိက ထူးခြားချက်ကတော့ Display နဲ့ ကိုယ်ထည်ကို ချိတ်ထားတဲ့ ပတ္တာ (Hinge) ပါ။ “Ezel Aero Hinge” လို့ Acer က နာမည်ပေးထားပါတယ်။ Acer Predator Triton 900 ကို ရိုးရိုး Laptop အတိုင်း အသုံးပြုနိုင်မယ့် “Notebook Mode” ၊ စွမ်းဆောင်ရည် အမြင့်ဆုံး Windows Tablet တလုံးလို သုံးနိုင်မယ့် “Tablet Mode” ၊ Touchscreen မှာ ဂိမ်းတွေကစားဖို့ “Ezel Mode” နဲ့ Display ကို ပြောင်းပြန်လှန်လို့ရတဲ့ “Display Mode” ဆိုပြီး ပုံစံ ၄ မျိုး အသုံးပြုနိုင်ပါတယ်။
ဒေါ်လာ ၄,၀၀၀ ဈေးနဲ့ မတ်လအတွင်း စတင်ရောင်းချမှာဖြစ်ပြီး ၁၇ လက်မ 4K Display ၊ 8th Gen Intel Core i7 နဲ့ Nvidia GeForce RTX 2080 GPU တို့ ပါဝင်မှာ ဖြစ်ပါတယ်။
(၄) ASUS ROG Mothership
CES 2019 ပွဲမှာ အဆန်းသစ်ဆုံး လုပ်ပြသွားတာကတော့ ASUS ပါ။ ROG Mothership (GZ700) ရဲ့ Mechanical ကီးဘုတ်ကို Screen ကနေ ဖြုတ်ပစ်နိုင်ပြီး Gaming PC တလုံးအနေနဲ့ အသုံးပြုနိုင်ပါတယ်။ ကီးဘုတ်ကို နှစ်ထပ်ခေါက်လို့ ရသလို ကီးဘုတ်အတွင်းမှာ ဘက်ထရီ သီးသန့် ပါဝင်ပြီး Wireless အဖြစ် ဒါမှမဟုတ် USB-C ကြိုးတပ် အသုံးပြုနိုင်ပါတယ်။
Screen အနောက်မှာ ဒေါက်တခု ပါဝင်ပြီး လေဝင်လေထွက် ပိုကောင်းတဲ့အတွက် အပူထုတ်မှု သက်သာမှာပါ။ ROG Mothership က ဒီဇိုင်းလန်းသလို၊ Specs တွေကလည်း အမြင့်စားတွေပါ။ Overclock လုပ်နိုင်တဲ့ Intel Core i9-8950K မိုဘိုင်း CPU နဲ့ Nvidia GeForce RTX 2080 GPU ၊ 64GB RAM တို့ ပါဝင်မှာ ဖြစ်ပါတယ်။
Display က G-Sync ၊ 144Hz ရတဲ့ 1080p စခရင် ဖြစ်ပြီး၊ ၁၇.၃ လက်မ အထိ ရှိပါတယ်။ NVMe SSD သုံးခုအထိ ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ Specs တွေ ကောင်းသလို အလေးချိန်ကလည်း လျှော့တွက်မရပါဘူး။ ၁၀ ပေါင်အထိ ရှိပါတယ်။ အိတ်ထဲထည့်ပြီး အပြင် သယ်သွားဖို့ တော်တော်စဉ်းစားရမယ့် အနေအထားပါ။ ၂၀၁၉ ခုနှစ်၊ ပထမ သုံးလပတ်အတွင်း စတင်ရောင်းချမှာဖြစ်ကာ ဈေးတော့ မကြေညာရသေးပါဘူး။
(၅) HP Spectre x360 15
OLED Display ပါတဲ့ Laptop တွေက တော်တော်ရှားပါတယ်။ အပြင်မှာ တခါမှတောင် မမြင်ဖူးသေးပါဘူး။ ဒါပေမဲ့ ယခုနှစ်ကစပြီး OLED Laptop တွေကို ဈေးကွက်တွင်း ကျယ်ကျယ်ပြန့်ပြန့် မြင်တွေ့လာရဖို့ ရှိပါတယ်။ HP က အသစ်မိတ်ဆက်လိုက်တဲ့ Spectre x360 ၁၅ လက်မ Laptop ဟာ AMOLED Display သုံးထားတဲ့ ကမ္ဘာ့ပထမဆုံး Laptop ဖြစ်ပါတယ်။
AMOLED ဆိုတော့ ကာလာအရည်အသွေးကတော့ ပါးစပ်အဟောင်းသား ဖြစ်စေမှာပါ။ ဒါကိုမှ HDR နဲ့ ကြည့်လိုက်ရရင် အမိုက်စားဖြစ်နေမှာပါ။ 8th Gen Intel Core i7 Processor ၊ 16GB RAM ၊ 512GB PCIe SSD တို့ ပါဝင်မယ့် 2-in-1 Laptop ဖြစ်ပါတယ်။ ဒီ Laptop ရဲ့ ဈေးနှုန်းကိုတော့ မကြေညာရသေးပါဘူး။ မတ်လအတွင်း ရောင်းမယ်လို့တော့ အတည်ပြုထားပါတယ်။
HP နည်းတူ Dell နဲ့ Lenovo တို့ကလည်း OLED Laptop တွေကို ယခု CES မှာ မိတ်ဆက်ခဲ့တာကြောင့် မကြာမီအချိန်အတွင်း OLED Laptop တွေ ပိုမိုခေတ်စားလာဖို့ ရှိပါတယ်။ ဒါပေမဲ့ OLED Display ဆိုတဲ့အတိုင်း ဈေးကတော့ တခြား Laptop တွေထက် တော်တော်များမှာပါ။
(၆) ASUS ZenBook S13
ဖုန်း Display တွေမှာ Notch တွေ ပါလာသလို Laptop တွေမှာလည်း Notch ဒီဇိုင်းကို စမြင်တွေ့လာရပါပြီ။ ASUS ရဲ့ ZenBook 13 က Notch ပါတဲ့ ပထမဆုံး Laptop လို့ ဆိုနိုင်ပါတယ်။ Display အပေါ်ဘက်မှာ Webcam ထည့်ဖို့နဲ့ Display ဘောင်ကို အတတ်နိုင်ဆုံး သေးဖို့ ရည်ရွယ်ချက်နဲ့ Notch ဒီဇိုင်းကို ယခု Laptop မှာ အသုံးပြုထားပါတယ်။ ဖုန်းတွေနဲ့ မတူတာက သူ့ Notch က အပေါ်ရောက်နေတာပါ။
ZenBook S13 ကို ၁၃.၉ လက်မအရွယ် 1080p မျက်နှာပြင်၊ 8th Gen Intel Core i7 ပရိုဆက်ဆာ၊ အမြင့်ဆုံး 16GB RAM ၊ 1TB PCIe SSD ၊Nvidia GeForce MX150 ဂရပ်ဖစ်ကတ် တို့နဲ့ ရရှိနိုင်ပြီး၊ ၂၀၁၉ ပထမ သုံးလပတ်အတွင်း ထွက်လာပါမယ်။ သူ့ဈေးနှုန်းကိုလည်း မသိရသေးပါဘူး။
(၇) HP Chromebook 14 AMD
CES 2019 မှာ မိတ်ဆက်ပြသခဲ့တဲ့ HP Chromebook 14 ဟာ AMD Processor သုံး ကမ္ဘာ့ပထမဆုံး Chromebook ဖြစ်ပါတယ်။ AMD A4 ပရိုဆက်ဆာ၊ Radeon R4 ဂရပ်ဖစ် ဒါမှမဟုတ် A6 ပရိုဆက်ဆာ၊ Radeon R5 ဂရပ်ဖစ်ဆိုပြီး မော်ဒယ်နှစ်မျိုး ထုတ်မှာ ဖြစ်ပါတယ်။ ၁၄ လက်မအရွယ် HD (1366×768 pixel) မျက်နှာပြင်၊ 4GB မမ်မိုရီနဲ့ 32GB Storage တို့ ပါရှိပါတယ်။ ကျောင်းသားကျောင်းသူတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတာပါ။
Google ရဲ့ Chrome OS သုံး ဖြစ်တာကြောင့် Google Play Store က Android Apps တွေကိုလည်း ဒီ Laptop မှာ အဆင်သင့် Install လုပ်၊ အသုံးပြုနိုင်ပါတယ်။ Storage မလောက်ရင်လည်း microSD ကတ် ထပ်စိုက်နိုင်ပါသေးတယ်။ HP Chrome 14 AMD ကို ၂၆၉ ဒေါ်လာဈေးနဲ့ ဇန်နဝါရီလအတွင်း စတင်ရောင်းချသွားမှာပါ။
(၈) ASUS StudioBook
CES မှာ မိတ်ဆက်သွားသမျှ Laptop တွေထဲမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ Laptop တလုံး ဖြစ်ပါတယ်။ ၁၇ လက်မ မျက်နှာပြင်ကို ၁၅ လက်မ Laptop ကိုယ်ထည်မှာ ရအောင် ထည့်ထားပြီး၊ မျက်နှာပြင်ဘေးဘောင်တွေ တော်တော်သေးသွားပါတယ်။ StudioBook ရဲ့ မျက်နှာပြင်က ကာလာချိန်ပြီးသား 16:10 Aspect Ratio မျက်နှာပြင် ဖြစ်ပါတယ်။
Pantone ကာလာစံနှုန်း၊ DCI-P3 ကာလာ ၉၇ ရာခိုင်နှုန်းအထိ ဖော်ပြနိုင်တဲ့ Display ပါ။ ဒါ့အပြင် Display ကို ၁၈၀ ဒီဂရီအထိ ချိုးချနိုင်ပါသေးတယ်။
Intel ရဲ့ Xeon E-2176M ပရိုဆက်ဆာ ၊ Nvidia Quadro P3200 ဂရပ်ဖစ်ကတ်၊ 64GB RAM နဲ့ 4TB Storage တို့ ပါဝင်တဲ့ စွမ်းဆောင်ရည်မြင့် Laptop တလုံး ဖြစ်ပါတယ်။ ၂၀၁၉ ပထမသုံးလပတ်အတွင်း စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။ ဈေးနှုန်းတော့ မပြောရသေးပါဘူး။
(၉) Samsung Notebook Odyssey
အများနဲ့ မတူတဲ့ Gaming Laptop တလုံး လိုချင်တဲ့သူတွေအတွက် Samsung Notebook Odyssey က ရွေးချယ်ဖို့ သင့်တော်တဲ့ Laptop တလုံး ဖြစ်ပါတယ်။ Laptop တော်တော်များများရဲ့ Display က အောက်စိုက်ကြည့်ရတဲ့အတွက် ဂိမ်းအကြာကြီး ဆော့တဲ့အခါ ခေါင်း ညောင်းပါတယ်။
ဒါကို ဖြေရှင်းဖို့အတွက် Samsung က Notebook Odyssey ရဲ့ Display ကို အပေါ်နည်းနည်း မြှင့်ထားပါတယ်။ သူ့ Hinge ကလည်း Laptop အများစုလို ကိုယ်ထည်အပြည့် မဟုတ်ဘဲ အလယ်လောက်မှာပဲ ရှိပါတယ်။ မျက်နှာပြင်အရွယ်အစား ၁၅.၆ လက်မရှိကာ 144Hz နဲ့ Nvidia G-Sync ရတဲ့ FHD Display ဖြစ်ပါတယ်။
ကိုယ်ထည်အတွင်းမှာတော့ 8th Gen Intel Core i7 ပရိုဆက်ဆာ၊ Laptop တွေအတွက် ထုတ်ပေးထားတဲ့ Nvidia RTX 2080 ဂရပ်ဖစ်ကတ်အသစ်တို့ ပါဝင်ပြီး၊ 16GB Memory နှစ်ချောင်း၊ Storage နှစ်ခု စိုက်နိုင်ပါတယ်။ CPU နဲ့ GPU နှစ်ခုစလုံးကို အအေးပေးဖို့အတွက် Jet Blade ပန်ကာတွေ ပါဝင်ပါတယ်။ Notebook Odyssey ကိုလည်း ၂၀၁၉ အစောပိုင်းမှာ ရောင်းချမှာပါ။ ဈေးတော့ မပြောရသေးပါဘူး။
ဆက်စပ် သတင်းလင့်ခ် – Notebook Odyssey နဲ့ Gaming Laptop ဈေးကွက်ကို ထိုးဖောက်မယ့် Samsung
Ref: The Verge, Android Authority, PC Mag