တောင်ကိုရီးယား စမတ်ဖုန်းကုမ္ပဏီ Samsung ဟာ Galaxy M စီးရီးလို့ အမည်ရတဲ့ စမတ်ဖုန်းစီးရီးအသစ်ကို အိန္ဒိယနိုင်ငံမှာ ဇန်နဝါရီလ ၂၈ ရက်နေ့ စတင်မိတ်ဆက်သွားမှာဖြစ်ကြောင်း Amazon India ကနေ တဆင့် ကြေညာလိုက်ပါတယ်။
Samsung ရဲ့ မော်ဒယ်လတ် စမတ်ဖုန်းစီးရီးအသစ် ဖြစ်လာမယ့် Galaxy M စီးရီးမှာ M10 ၊ M20 နဲ့ M30 စမတ်ဖုန်း မော်ဒယ် ၃ မျိုး ပါဝင်မှာပါ။ အဆိုပါ စမတ်ဖုန်း ၃ ခုလုံးမှာ Samsung ရဲ့ ရေစက်ပုံစံ Notch သုံး “Infinity-V” Display အသစ်ကို စတင်မြင်တွေ့ရမှာ ဖြစ်ပါတယ်။
Samsung ဟာ အိန္ဒိယဈေးကွက်မှာ ပြိုင်ဘက် တရုတ်စမတ်ဖုန်း ကုမ္ပဏီတွေနဲ့ ပြိုင်ဆိုင်မှု ပြင်းထန်လျက် ရှိပါတယ်။ ဈေးကွက်လေ့လာရေး ကုမ္ပဏီ Counterpoint က ထုတ်ပြန်တဲ့ အချက်အလက်တွေအရ ဆိုရင် ၂၀၁၈ ခုနှစ်မှာ ပြိုင်ဘက် Xiaomi က Samsung ထပ် ဈေးကွက်ဝေစု ပိုများသွားပြီ ဖြစ်ပါတယ်။
အိန္ဒိယဈေးကွက် အတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ Galaxy M စီးရီးအသစ်က အိန္ဒိယဈေးကွက်ကို ပြန်လည် သိမ်းပိုက်မယ့် Samsung ရဲ့ ခြေလှမ်းတရပ် ဖြစ်ပါတယ်။ Samsung ဟာ Galaxy M စီးရီးသစ် စမတ်ဖုန်း ၃ မျိုးကို Amazon India ဝက်ဘ်ဆိုဒ်ကနေပဲ ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီဖုန်းတွေဟာ ကုမ္ပဏီရဲ့ အွန်လိုင်း အရောင်းပမာဏကို ၂ ဆ တိုးမြှင့်ပေးနိုင်မယ်လို့ ယုံကြည်ထားကြောင်း အိန္ဒိယနိုင်ငံဆိုင်ရာ Samsung ရုံးချုပ် အကြီးအကဲဖြစ်သူ Asim Warsi က Reuters ကို ပြောကြားခဲ့ပါတယ်။
Samsung Galaxy M စီးရီးဖုန်းတွေမှာ အသုံးပြုမယ့် အချက်အလက်တွေကိုတော့ သေချာ မသိရသေးပါဘူး။ Amazon မှာ တင်ထားတဲ့ပုံတွေအရတော့ ကျောကင်မရာ ၂ လုံး၊ ကျောဘက် လက်ဗွေရာဆန်ဆာ၊ USB-C နဲ့ 3.5mm နားကြပ်ပေါက်တို့ ပါဝင်မယ်လို့ သိရပါတယ်။
ဈေးနှုန်းကတော့ ရူပီး ၁၀,၀၀၀ ကနေ ၂၀,၀၀၀ ကြား ( ဒေါ်လာ ၁၄၀ ကနေ ၂၈၀ အတွင်း) ရှိမယ်လို့ Asim Warsi က ပြောကြားခဲ့ပါတယ်။ ကြီးမားတဲ့ ဘက်ထရီနဲ့ အားအမြန်သွင်းစနစ်တွေလည်း ပါဝင်မှာပါ။
လွန်ခဲ့တဲ့နှစ်တုန်းက Samsung ဟာ ယှဉ်ပြိုင်မှု ပြင်းထန်လာတဲ့ ပြိုင်ဘက် တရုတ်စမတ်ဖုန်း ကုမ္ပဏီတွေကို စွမ်းဆောင်ရည်အသစ်တွေ ပါမယ့် မော်ဒယ်လတ် စမတ်ဖုန်းတွေနဲ့ တန်ပြန် တိုက်ခိုက်သွားမှာ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
စွမ်းဆောင်ရည်အသစ်တွေကို မော်ဒယ်လတ်ဖုန်းတွေမှာ စမ်းသပ်ပြီးမှ အမြင့်ပိုင်း ဖုန်းတွေဆီ ယူဆောင်လာမှာပါ။ ပြောတဲ့အတိုင်းပဲ Galaxy A9 ဖုန်းမှာ ကျောကင်မရာ ၄ လုံးကို စတင်ထည့်ပေးခဲ့သလို၊ Infinity-O Display ကိုလည်း Galaxy A8s ဖုန်းမှာ အရင်ဆုံး အသုံးပြုခဲ့တာ တွေ့ရပါတယ်။
ယခု Galaxy M စီးရီးတွေမှာလည်း ရေစက်ပုံစံ Display အပြင် နောက်ထပ် ဘယ်လိုထူးခြားတဲ့ စွမ်းဆောင်ရည်အသစ် တွေ ပါဝင်လာမလဲဆိုတာ စောင့်ကြည့်ရမှာပါ။
Ref: The Verge, Reuters