နောက်ဆုံးထုတ် iPhone မော်ဒယ်တွေမှာ Qualcomm Modem တွေ သုံးချင်ခဲ့ပေမယ့် Qualcomm ဘက်က မရောင်းခဲ့ကြောင်း Apple က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
Qualcomm ကို မူပိုင်ခွင့်အသုံးချမှုဆိုင်ရာ လုပ်ရပ်တွေကြောင့် Apple က တရားစွဲဆိုခဲ့ပြီးနောက်မှာ Modem Chip ရောင်းဖို့ ငြင်းဆန်ခဲ့တာဖြစ်ကြောင်း Apple COO Jeff Williams က အမေရိကန်ပြည်ထောင်စု ကုန်သွယ်ရေးကော်မရှင် (FTC) ထံ တရားရုံးမှာ ကျမ်းကျိန် ထွက်ဆိုခဲ့တာ ဖြစ်ပါတယ်။
Qualcomm က Modem မရောင်းခဲ့တာကြောင့် နောက်ဆုံးထုတ် iPhone Xs ၊ Xs Max နဲ့ Xr တို့မှာ Intel ရဲ့ LTE Chips တွေပဲ အသုံးပြုခဲ့ရတယ်လို့ ဆိုပါတယ်။
မူပိုင်ခွင့်ကြေး ပုံမှန်ထက် တိုးမြှင့်ကောက်ခံမှု၊ တခြား Chip ထုတ်လုပ်တဲ့ကုမ္ပဏီတွေကို မူပိုင်ခွင့်လိုင်စင် မချပေးမှု၊ ဝယ်ယူသူကုမ္ပဏီတွေအနေနဲ့ Qualcomm chip တွေသာ သုံးစွဲဖို့ သဘောတူညီချက် ရယူမှု စတဲ့ ဈေးကွက်လက်ဝါးကြီးအုပ်တဲ့ လုပ်ရပ်တွေကြောင့် Qualcomm ကို FTC က တရားစွဲဆိုထားပါတယ်။
Apple အနေနဲ့ Qualcomm နဲ့ အချင်းများမှု ပြဿနာတွေကြောင့် Intel modems တွေပဲ ပြောင်းလဲ သုံးစွဲခဲ့တယ်လို့ အားလုံး ထင်ခဲ့ကြပေမယ့် မဟုတ်မှန်ကြောင်း William က တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။ Apple ဟာ နောက်ဆုံးထုတ် ဖုန်းမော်ဒယ်တွေအတွက် Modem ကို Intel နဲ့ Qualcomm ကုမ္ပဏီနှစ်ခုလုံးထံက မှာယူခဲ့ချင်ပေမယ့် Qualcomm က ငြင်းဆန်ခဲ့တာဖြစ်တယ်လို့ William က ပြောကြားခဲ့ပါတယ်။
Modem အတွက် Intel ကိုပဲ မှီခိုနေရတာဟာ Apple အတွက်လည်း အထိနာပါတယ်။ အထူးသဖြင့် 5G iPhone ထုတ်ဖို့ရာမှာ ပိုကြာသွားမှာပါ။ Intel Chip တွေက ၂၀၂၀ ခုနှစ်အထိ 5G ရဦးမှာ မဟုတ်တာကြောင့်ပါ။ ဒါ့အပြင် Intel ရဲ့ LTE modem တွေဟာ Qualcomm modem တွေထက် နှေးတယ်လို့လည်း လူသိများကြပါတယ်။
Qualcomm နဲ့ Intel modem နှစ်မျိုးလုံး ယူသုံးခဲ့စဉ်တုန်းကလည်း Apple ဟာ Qualcomm modem သုံး iPhone တွေရဲ့ နက်ဝေါ့ခ်မြန်နှုန်းကို လျော့ချပေးခဲ့ရတဲ့ သာဓကတွေလည်း ရှိပါတယ်။ iPhone မော်ဒယ် အတူတူချင်း မြန်နှုန်း ကွာခြားချက်တွေ မဖြစ်စေဖို့ပါ။
ဒါ့အပြင် Apple ဟာ Qualcomm modem တွေကို ဖုန်းတလုံးကို ၇.၅၀ ဒေါ်လာ ဈေးနဲ့ ယူသုံးခဲ့ရတယ်လို့လည်း William က ထွက်ဆိုသွားခဲ့ပါတယ်။ Apple အနေနဲ့ ၁.၅၀ ဒေါ်လာပဲ ပေးချင်ခဲ့ပေမယ့် Qualcomm နဲ့ အဆင်မပြေဖြစ်မှာ စိုးတာကြောင့် ၅ ဆ ပိုပေးခဲ့ရတာပါ။
“သူတို့ဆီက Chip ရဖို့ လိုအပ်ခဲ့ပါတယ်။ ကျနော်တို့သာ ဥပဒေအရ တရားစွဲဖို့ လုပ်ခဲ့မယ်ဆိုရင် သူတို့ Chip တွေ ယူသုံးရမှာ မဟုတ်ပါဘူး။ အဲဒီတုန်းက ကျနော်တို့မှာ ရွေးချယ်စရာ မရှိခဲ့ပါဘူး” လို့ William က ဆိုပါတယ်။
Qualcomm နဲ့ Intel ကြား အငြင်းပွားမှုတွေဟာ ၂၀၁၇ ခုနှစ်မှာ စတင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ တရားမျှတမှု မရှိတဲ့ မူပိုင်ခွင့်စည်းကမ်းချက်တွေကြောင့် Apple က Qualcomm ကို စတင် တရားစွဲဆိုခဲ့ရာကနေ စပါတယ်။ အဲဒီ နောက်မှာတော့ Apple ဟာ သူတို့ မူပိုင်ခွင့်တွေကို ချိုးဖောက်နေပြီး Intel ကို အချက်အလက် ပြန်မျှနေကြောင်း Qualcomm က တန်ပြန် တရားစွဲဆိုခဲ့ပါတယ်။
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ရောက်ချိန်မှာတော့ Apple ထံက မူပိုင်ခွင့်ကြေး ကန်ဒေါ်လာ ၇ ဘီလျံလောက် ရစရာရှိကြောင်း Qualcomm က ပြောကြားခဲ့ပါတယ်။ အဲဒီနောက်မှာ Qualcomm ဟာ ယခုအမှုကို နိုင်ငံတကာတရားရုံးတွေအထိ ယူဆောင်သွားခဲ့ပြီး ဂျာမနီနဲ့ တရုတ်နိုင်ငံတို့မှာ iPhone မော်ဒယ်အဟောင်းတွေ ရောင်းချခွင့် ပိတ်ပင်နိုင်ခဲ့ပါတယ်။
Apple ဟာ တရုတ်နိုင်ငံရဲ့ အရောင်းပိတ်ပင်မှုကို ကာကွယ်ဖို့အတွက် iPhone မော်ဒယ်အဟောင်းတွေအတွက် Software Update တခု ထုတ်ပြီး ဖြေရှင်းခဲ့ပါတယ်။ ဂျာမနီမှာတော့ iPhone 7 နဲ့ iPhone 8 မော်ဒယ်တွေကို အရောင်းစတိုးကနေ ပြန်သိမ်းခဲ့ရပါတယ်။
Ref: The Verge