YouTube က အန္တရာယ်များတဲ့ Prank နဲ့ စိန်ခေါ်မှု ဗီဒီယိုတွေကို တင်ခွင့် ပိတ်လိုက်ပါတယ်။ တပါးသူကို စနောက်တဲ့ Prank ဗီဒီယိုတွေနဲ့ ရေပန်းစားနေတဲ့ အကြောင်းအရာအတိုင်း လိုက်လုပ်ကြတဲ့ Challenges ဗီဒီယိုတွေဟာ YouTube မှာ ရေပန်းအစားဆုံး ဗီဒီယိုတွေပါ။ ဒါပေမဲ့ အဆိုပါ ဗီဒီယိုတွေဟာ မိမိကိုယ်ကို သာမက တပါးသူကိုပါ ထိခိုက်နာကျင်မှုတွေလည်း ဖြစ်စေနိုင်ပါတယ်။
မကြာမီက ခေတ်စားသွားတဲ့ Bird Box စိန်ခေါ်မှုမှာဆိုရင် Bird Box ရုပ်ရှင်ထဲကလို မျက်လုံး အဝတ်စည်းပြီး ကားမောင်းပြတဲ့ လုပ်ရပ်တွေ ရှိခဲ့ပါတယ်။ အဆိုပါ စိန်ခေါ်မှုကြောင့် အမေရိကန်နိုင်ငံမှာ ဆယ်ကျော်သက်တဦး ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီးနောက်မှာ YouTube က အလားတူ အန္တရာယ်ဖြစ်စေနိုင်တဲ့ Prank နဲ့ စိန်ခေါ်မှု ဗီဒီယိုတွေကို မတင်ဖို့ ပိတ်ပင်တားမြစ်လိုက်တာပါ။
“အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ ဒါမှမဟုတ် အသက်ဆုံးရှုံးမှုဖြစ်ပွားခဲ့တဲ့” Prank နဲ့ စိန်ခေါ်မှု ဗီဒီယိုတွေကို လုံးဝ လက်ခံမှာ မဟုတ်ကြောင်း အင်္ဂါနေ့က ထုတ်ပြန်ခဲ့တဲ့ YouTube လမ်းညွှန်ချက်အသစ်မှာ ဖော်ပြ ပါရှိလာပါတယ်။
အဝတ်လျှော်ဆပ်ပြာရည်တွေကို စားပြတဲ့ Tide Pod စိန်ခေါ်မှုနဲ့ ခန္ဓာကိုယ်ပေါ် လောင်စာဆီလောင်းပြီး မီးရှို့ပြတဲ့ Fire စိန်ခေါ်မှုတွေဟာ အန္တရာယ်ဖြစ်စေနိုင်တဲ့ ဗီဒီယိုတွေ ဖြစ်တယ်လို့ ဥပမာပေး ထားပါတယ်။
“ထိခိုက်နာကျင်စေတဲ့ အန္တရာယ်ရှိ အပြုအမူတွေကို အားပေးအားမြှောက် လုပ်တဲ့ ဗီဒီယို မှန်သမျှကို YouTube မှာ ပိတ်ထားတာ ကြာခဲ့ပါပြီ။ အချိန်နဲ့အမျှ ထွက်ပေါ်လာတဲ့ ရေပန်းစားအကြောင်းအရာတွေနဲ့ ကိုက်ညီမှုရှိစေဖို့အတွက် ကျနော်တို့ရဲ့ လမ်းညွှန်ချက်တွေကို အမြဲတစေ စစ်ဆေး၊ ပြင်ဆင်နေပါတယ်” လို့ YouTube ရဲ့ ပြောရေးဆိုခွင့် ရှိသူတဦးက CNN သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် အစနောက်ခံရသူအနေနဲ့ အမှန်တကယ် ထိခိုက်နာကျင်တော့မယ်လို့ ယုံမှတ်မှားစေတဲ့ Prank ဗီဒီယိုတွေ ကိုလည်း YouTube မှာ တင်ခွင့်ပြုတော့မှာ မဟုတ်ပါဘူး။ အိမ်ကို ဝင်စီးတဲ့ Prank တွေနဲ့ ကားပေါ်ကနေ သေနတ်နဲ့ ပစ်သယောင် Prank ဗီဒီယိုတွေကို ဆိုလိုတာပါ။
ယခု စည်းမျဉ်းစည်းကမ်းအသစ်တွေနဲ့ ကိုက်ညီမှုမရှိတဲ့ ဗီဒီယိုတိုင်းကို ဖယ်ရှားပစ်ဖို့ လုပ်ဆောင်နေတယ်လို့ YouTube က ဆိုပါတယ်။ ဗီဒီယိုဖန်တီးသူတွေအနေနဲ့ YouTube က ဖြုတ်မချခင်မှာ မိမိ ဗီဒီယိုတွေကို ပြန်လည် စစ်ဆေး၊ ရှင်းလင်းဖို့ အချိန် ၂ လ ပေးထားပါတယ်။
YouTube က တားမြစ်လိုက်တဲ့ ဗီဒီယိုတွေထဲမှာ ကလေးငယ်တွေကို ထိခိုက်နာကျင်မှု ဖြစ်စေတဲ့ ဗီဒီယိုတွေလည်း ပါဝင်ထားပါတယ်။ “ကလေးတွေ တဘဝလုံး စိတ်ဒဏ်ရာရအောင် ဆိုးဆိုးရွားရွား စိတ်ပိုင်းဆိုင်ရာ ဒုက္ခပေးတဲ့ Prank တွေ” ကိုလည်း လက်သင့်ခံတော့မှာ မဟုတ်ကြောင်း လမ်းညွှန် ရေးသားထားပါတယ်။
Ref: CNN, Google