IT

ဖုန်းကနေ ထိန်းချုပ်နိုင်တဲ့ အလိုအလျောက် ကြိုးချည်ဖိနပ်ကို Nike မိတ်ဆက်

Nike က ကြိုတင် ကတိပေးထားတဲ့အတိုင်း အလိုအလျောက် ကြိုးချည်နိုင်တဲ့ ဘတ်စကတ်ဘောဖိနပ်ကို မိတ်ဆက်လိုက်ပါပြီ။ Adapt BB လို့ အမည်ပေးထားပြီး ဘတ်စကတ်ဘော ကစားသမားတိုင်းအတွက် အံကိုက် ဖြစ်စေဖို့ ရည်ရွယ် ထုတ်လုပ်ထားတာလို့ ကုမ္ပဏီက ဆိုပါတယ်။

Adapt BB မှာ FitAdapt လို့ ခေါ်တဲ့ လျှပ်စစ်စွမ်းအင်သုံး ကြိုးချည်စနစ်ကို အသုံးပြုထားကာ ဖိနပ်ကနေ ဖြစ်စေ၊ တွဲဖက် မိုဘိုင်းအက်ပ်ပလီကေးရှင်းကနေ ဖြစ်စေ စိတ်ကြိုက် ကြိုး အတင်းအလျော့ ပြုလုပ်နိုင်ပါတယ်။

ဘတ်စကတ်ဘော ကစားပွဲတပွဲအတွင်းမှာ ကစားသမားတယောက်ရဲ့ ခြေထောက်အရွယ်အစားဟာ လက်မဝက်လောက်အထိ ကျယ်လာနိုင်ပါတယ်။ ဒါကြောင့် ဖိနပ် ဝတ်ထားရတာ သက်သောင့်သက်သာ မရှိတော့ဘဲ လှုပ်ရှားမှုနဲ့ ပွဲတွင်း စွမ်းဆောင်ရည်တို့ကိုပါ ထိခိုက်လာနိုင်တယ်လို့ Nike က ရှင်းပြ ထားပါတယ်။ ဒီပြဿနာကို ဖြေရှင်းပေးဖို့အတွက် Adapt BB ဖိနပ်ကို ထုတ်လုပ်လိုက်တာပါ။

Adapt BB ဖိနပ် ကြိုးကို ဖိနပ်မှာ ပါတဲ့ ခလုတ်ကနေ အတင်းအလျော့ လုပ်နိုင်သလို၊ ဖုန်း App ကနေလည်း ထိန်းချုပ်နိုင်ပါတယ်။ Adapt BB ဖိနပ်ကို စီးလိုက်တာနဲ့ အတွင်းမှာပါတဲ့ အထူးလုပ် မော်တာနဲ့ ဂီယာတွဲ စနစ်က ခြေထောက်နဲ့ ကိုက်ညီမယ့် တင်းအားကို အလိုလို သိရှိကာ ခြေထောက်နှစ်ဖက်လုံး ချပ်ချပ်ရပ်ရပ် ဖြစ်စေနိုင်အောင် အလိုအလျောက် ကြိုးတင်းပေးသွားမှာ ဖြစ်ပါတယ်။

ယခု ကြိုးအတင်းအလျော့စနစ်ဟာ ၃၂ ပေါင် အားအထိ တင်းပေးထားနိုင်တဲ့အထိ ကစားသမားတယောက် မည်ကဲ့သို့ လှုပ်ရှားမှုလုပ်ပါစေ ကြိုးလျော့သွားမှာ မဟုတ်ပါဘူး။ အလုပ်လုပ်ပုံကို အောက်ပါဗီဒီယိုမှာ ကြည့်ရှုနိုင်ပါတယ်။

လျှပ်စစ်စွမ်းအင်သုံး မော်တာတပ် ကြိုးချည်စနစ် ဖြစ်တဲ့အတွက် ဖိနပ်ကိုလည်း ဖုန်းလို အားသွင်း ရပါလိမ့်မယ်။ Nike ရဲ့ အဆိုအရတော့ တခါ အားအပြည့်သွင်းပြီးရင် ၁၄ ရက် ခံတယ်လို့ သိရပါတယ်။ Qi ကြိုးမဲ့အားသွင်းစနစ်ပေါ်မှာ ၃ နာရီလောက် တင်ထားရင် အားပြည့်ပါတယ်။ ဖိနပ်တရံ ဝယ်တိုင်း ကြိုးမဲ့အားသွင်းပြားလည်း ထည့်ပေးမှာပါ။

Nike Adapt BB ကို Adapt မိုဘိုင်း App ကနေလည်း ဖိနပ်တဖက်ချင်းစီကို စိတ်ကြိုက် ကြိုးအတင်းအလျော့ လုပ်နိုင်ပါတယ်။ ကိုယ့်စိတ်ကြိုက် ကြိုးအနေအထားကို မှတ်ထားခိုင်းနိုင်တဲ့အတွက် ဖိနပ် ကောက်စွပ်လိုက်တာနဲ့ ကြိုးတင်းပြီးသားပါ။

ဖိနပ်ရဲ့ ဘက်ထရီလက်ကျန်ကိုတော့ App ကနေ စစ်နိုင်ပါတယ်။ ဒါ့အပြင် ဖိနပ်က LED မီးလေးတွေရဲ့ အရောင်ကိုလည်း App ကနေ စိတ်ကြိုက် ပြောင်းလဲနိုင်ပါသေးတယ်။ ဖိနပ်ရဲ့ ကြိုးမဲ့ချိတ်ဆက်နိုင်မှု အစွမ်းကြောင့် နောက်ထပ် Firmware Updates တွေလည်း ရရှိနိုင်ဦးမှာပါ။ ဒါကြောင့် နောက်ပိုင်းမှာ လုပ်ဆောင်ချက် အသစ်တွေ ထပ် ရလာဖို့ ရှိပါတယ်။

Nike ဟာ ၂၀၁၆ ခုနှစ်တုန်းကလည်း HyperAdapt 1.0 ဆိုတဲ့ အလိုအလျောက်ကြိုးချည်ဖိနပ်ကို ထုတ်ခဲ့ဖူးပါတယ်။ ဒီဖိနပ်ကတော့ မျိုးဆက်သစ်လို့ ဆိုရမှာပါ။ Adapt BB ဖိနပ်ကို ဒေါ်လာ ၃၅၀ ထဲနဲ့ ရောင်းချသွားမှာဖြစ်တာကြောင့် တော်တော်များများ လက်လှမ်းမီမှာပါ။ HyperAdapt တုန်းက ဒေါ်လာ ၇၂၀ နဲ့ ရောင်းခဲ့တာ ဖြစ်တဲ့အတွက် တဝက်လောက် ဈေးသက်သာသွားပါတယ်။ ဖေဖော်ဝါရီလ အစပိုင်းမှာ စတင် ရောင်းချသွားမှာပါ။

Nike က ဘတ်စကတ်ဘောဖိနပ်အပြင် တခြားအားကစားနည်းတွေအတွက်လည်း အလားတူ Adapt ဖိနပ်မျိုး ထုတ်ဖို့ ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

Ref: Engadget

Loading