IT

Samsung Galaxy Fold စမတ်ဖုန်းကို တရုတ်ဈေးကွက်တွင် ရောင်းချရန် ခွင့်ပြုချက် ရရှိ

Samsung ဟာ ခေါက်ချိုးအသုံးပြုနိုင်တဲ့ Galaxy Fold စမတ်ဖုန်းကို တရုတ်ဈေးကွက်မှာ ရောင်းချဖို့ အတွက် တရုတ်နိုင်ငံ စက်မှုနှင့် သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာန (CMIIT) ထံကနေ ခွင့်ပြုချက် ရရှိသွားပြီ ဖြစ်တယ်လို့ သိရပါတယ်။

Samsung ဖုန်းတွေထဲမှာ ပထမဆုံး ခေါက်ချိုးအသုံးပြုနိုင်တဲ့ ဖုန်းဖြစ်ပြီး၊ Galaxy F ဒါမှမဟုတ် Galaxy Fold လို့ အမည်ပေးထားပါတယ်။ ပြီးခဲ့တဲ့ CES ပွဲမှာ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်အချို့ ရှေ့မှောက်မှာ စမ်းသပ် ပြသခဲ့ပြီး ဖြစ်ပါတယ်။

လာမယ့်လ ကျင်းပပြုလုပ်မယ့် Galaxy Unpacked ပွဲမှာ Galaxy S10 ဖုန်းနဲ့ အတူ တရားဝင် မိတ်ဆက်သွားဖို့ ရှိပါတယ်။

CMIIT ရဲ့ database ထဲမှာ Galaxy Fold စမတ်ဖုန်းရဲ့ ပင်မမော်ဒယ်နံပါတ်ကို SM-F900 လို့ ဖော်ပြထားတာ တွေ့ရပါတယ်။ မကြာမီက ထွက်ပေါ်ခဲ့တဲ့ သတင်းတွေမှာလည်း Galaxy Fold စမတ်ဖုန်းကို SM-F900U ၊ SM-F900F နဲ့ SM-F900A မော်ဒယ်တွေနဲ့ ဖော်ပြထားတာ တွေ့ခဲ့ရပါတယ်။

နောက်ဆုံး အက္ခရာ U က US ဈေးကွက်အတွက် ဖြစ်ကာ၊ F က ဥရောပ နဲ့ A က အာရှ ဈေးကွက်တို့အတွက် ထုတ်မယ့် အလုံးတွေ ဖြစ်ဖို့ များပါတယ်။

တရုတ်အစိုးရဝန်ကြီးဌာနရဲ့ တရားဝင်စာရွက်စာတမ်းထဲမှာ မော်ဒယ်နံပါတ်က လွဲလို့ တခြား စိတ်ဝင်စားဖွယ်ရာ အချက်အလက်တွေကို မတွေ့ရပါဘူး။

Galaxy F စမတ်ဖုန်းကို CMIIT database တွင် ဖော်ပြထားပုံ

လတ်တလော ထွက်ပေါ်ထားတဲ့ ကောလာဟလသတင်းတွေအရတော့ Galaxy Fold စမတ်ဖုန်းကို Galaxy Note 9 အတိုင်း 512GB Internal Storage နဲ့ ထုတ်သွားမှာ ဖြစ်ကာ၊ နောက်ဆုံးပေါ် Qualcomm Snapdragon 855 ချစ်ပ် အသုံးပြုသွားမယ်လို့ သိထားရပါတယ်။

ကြီးမားတဲ့ Display အတွက် 6,000mAh ဘက်ထရီအထိ ပါဝင်လာဖွယ် ရှိပါတယ်။ ဖုန်းရဲ့ မျက်နှာပြင်ဟာ ခေါက်ထားရင် ၄.၅၈ လက်မရှိပြီး၊ ဖြန့်လိုက်ရင် ၇.၃ လက်မ အထိ ရှိမှာပါ။ ကျောကင်မရာ သုံးလုံး၊ Bixby 5.0 တို့နဲ့ ဖြစ်ကာ 5G စနစ်ပါ ပါဝင်လာမယ်လို့ သတင်းပြေးနေပါတယ်။

ဈေးကတော့ လက်ရှိ Galaxy S စီးရီးဖုန်းတွေထက် သေချာပေါက် များဖို့ ရှိပြီး၊ ဒေါ်လာ ၁၈၀၀ ဈေး ဝန်းကျင်နဲ့ ရောင်းချသွားနိုင်ပါတယ်။ အလုံးရေ ၁ သန်းပဲ ထုတ်လုပ်သွားမှာပါ။

၂၀၁၉ ခုနှစ်ဟာ ဖုန်းကုမ္ပဏီတွေအနေနဲ့ လက်ရှိ စမတ်ဖုန်းတွေရဲ့ ဟာ့ဒ်ဝဲဒီဇိုင်းပိုင်းဆိုင်ရာ ကန့်သတ်ချက်တွေကို ကျော်လွန်ပြောင်းလဲဖို့ အပြိုင်အဆိုင် ကြိုးစားနေကြတဲ့ နှစ်ဖြစ်ပါတယ်။ စမတ်ဖုန်း ပရိတ်သတ်တွေအတွက် စိတ်ဝင်စားစရာကောင်းတဲ့ နှစ်တနှစ် ဖြစ်လာမှာပါ။

ခေါက်ချိုး အသုံးပြုနိုင်တဲ့ စမတ်ဖုန်းတွေဟာ ဖုန်းဈေးကွက်ရဲ့ အနာဂတ်ဖြစ်လာနိုင်မလားဆိုတာကိုတော့ ရင်ခုန်စွာ စောင့်ကြည့်ရမှာပါ။

Ref: GSM Arena, Droid Life

Loading