iPhone မော်ဒယ်တွေထဲမှာ ရေပန်းအစားဆုံး မော်ဒယ်တခုဖြစ်တဲ့ iPhone SE ကို Apple က ၂၄၉ ဒေါ်လာနဲ့ ပြန်လည် ရောင်းချလိုက်ပါတယ်။
Apple ဟာ iPhone Xs ၊ Xs Max နဲ့ Xr တို့ကို မိတ်ဆက်အပြီးမှာ iPhone SE ၊ iPhone X ၊ iPhone 6s နဲ့ iPhone 6s Plus တို့ကို ဆက်ထုတ်တော့မှာ မဟုတ်ကြောင်း ကြေညာခဲ့ပါတယ်။ ဒါပေမယ့် လေးလအကြာမှာ iPhone SE ကို ပြန်လည် ရောင်းချနေတာပါ။
iPhone SE ကို ၂၀၁၆ ခုနှစ်၊ မတ်လမှာ 16GB မော်ဒယ်ကို ဒေါ်လာ ၄၀၀ နဲ့ စတင်ရောင်းချခဲ့ပြီး အကောင်းဆုံး ၄ လက်မအရွယ် စမတ်ဖုန်းအဖြစ် အသိအမှတ်ပြုခံခဲ့ရတဲ့ ဖုန်းမော်ဒယ်တခု ဖြစ်ပါတယ်။ သူ့ အရင် ခြောက်လလောက်က ၆၄၉ ဒေါ်လာနဲ့ မိတ်ဆက်ခဲ့တဲ့ iPhone 6s နီးပါး စွမ်းဆောင်ရည် ကောင်းမွန်တဲ့ စမတ်ဖုန်းတလုံးပါ။
iPhone 6s နည်းတူ 64-bit A9 Processor ၊ M9 motion coprocessor နဲ့ 2GB RAM တို့ ပါဝင်ပြီး၊ လက်ရှိ နောက်ဆုံး iOS ဗားရှင်းလည်း တင်သုံးနိုင်ပါသေးတယ်။ iPhone 6s ထက်တော့ စခရင်သေးပြီး၊ 3D Touch တော့ မပါဝင်ပါဘူး။
အခုမှ iPhone SE ပြန်ကိုင်ချင်သူတွေအနေနဲ့ Apple ရဲ့ တရားဝင်စတိုးမှာ အရင်ဈေးနှုန်းထက် ပိုနည်းတဲ့ ဈေးနဲ့ ဝယ်ယူရရှိနိုင်ပါပြီ။ 32GB မော်ဒယ်ကို ၂၄၉ ဒေါ်လာပဲ ကျသင့်မှာပါ။ iPhone SE ထုတ်လုပ်မှု ရပ်လိုက်တုန်းက ၃၄၉ ဒေါ်လာ ရှိခဲ့တာကြောင့် ဒေါ်လာ ၁၀၀ တောင် ပိုသက်သာသွားတာ တွေ့ရပါတယ်။
ဒါ့အပြင် အရင်က ၄၄၉ ဒေါ်လာနဲ့ ရောင်းချခဲ့တဲ့ 128GB မော်ဒယ်ကိုလည်း အခု ၂၉၉ ဒေါ်လာထဲနဲ့ ဝယ်ယူနိုင်မှာပါ။
Apple အနေနဲ့ iPhone SE ကို ဘာလို့ ရုတ်တရက် ပြန်ထုတ်လိုက်တာလဲဆိုတာတော့ မသိရပါဘူး။ လက်ကျန်အလုံးတွေ အပြတ်ဖြတ်တာ ဖြစ်နိုင်သလို၊ iPhone မော်ဒယ်အသစ်တွေ ရောင်းအားမကောင်းတာကြောင့် မော်ဒယ်အဟောင်းတွေ ပြန်ရောင်းနေတာလည်း ဖြစ်နိုင်ပါတယ်။
နိုဝင်ဘာလတုန်းကလည်း ဆက်မထုတ်တော့ဘူးလို့ ကြေညာထားတဲ့ iPhone X ကို ပြန်လည် ထုတ်လုပ်ရောင်းချခဲ့တာ တွေ့ရပါတယ်။
Ref: Digital Trends, Phone Arena