ဗီဒီယိုဂိမ်းတွေကစားခြင်းဟာ ကျန်းမာရေးကိုထိခိုက်စေတယ်၊ စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေနိုင်တယ် စသဖြင့် လူအများထင်နေကြသလိုတော့ အလုံးစုံ မမှန်ကန်ပါဘူး။
ဗီဒီယိုဂိမ်းကို စွဲစွဲလမ်းလမ်း ကစားသူတွေသာ ဂိမ်းကစားရတဲ့ ခံစားချက်ကို နားလည်ကြပြီး ရှုပ်ထွေးလှတဲ့ လူနေမှုဘဝမှာ ဒါဟာ ထွက်ပေါက်တခုလို့လည်း ပြောလို့ရပါတယ်။
အခုဖော်ပြပေးမှာကတော့ ဂိမ်းကစားသူ (Gamer) တွေကို ပတ်ဝန်းကျင်ကနေ ထင်မြင်တတ်ကြတဲ့ အယူအဆအလွဲတွေကို ပြန်လည်မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
(၁) စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်လို့ ထင်မြင်ခြင်း
တကယ်တော့ ဂိမ်းကစားခြင်းဟာ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ထိခိုက်စေနိုင်တာမဟုတ်ပါဘူး။ စိတ်ဖိစီးမှုတွေကို လျော့ကျစေတာသာ ဖြစ်ပါတယ်။ သုတေသနတွေအရ ဂိမ်းဆော့ခြင်းဟာ ဦးနှောက်ကို ပိုမိုဖွံဖြိုးကြီးထွားစေတဲ့အပြင် ဆုံးဖြတ်ချက်ချရမှာ ပိုမိုမြန်ဆန်ပြတ်သားစေပြီး မှတ်ဉာဏ်တွေကိုပါ ပိုမိုတိုးတက်လာစေနိုင်တယ်လို့ ဆိုပါတယ်။
(၂) ပြုမူပြောဆိုပုံတွေ ကြမ်းတမ်းသွားတယ်လို့ ထင်မြင်ခြင်း
တချို့သောသူတွေဟာ ဂိမ်းကစားသူ (Gamer) တွေဟာ တချိန်လုံးပစ်ခတ်သတ်ပုတ်နေတဲ့ ဗီဒီယိုဂိမ်းတွေကို ကစားတာကြောင့် အပြုအမူတွေ ကြမ်းတမ်းသွားနိုင်တယ်လို့ ထင်မြင်တတ်ကြပါတယ်။ ဂိမ်းအမျိုးအစားတွေအားလုံးဟာ အက်ရှင်ဂိမ်းတွေလည်း မဟုတ်သလို Gamer တွေဟာလည်း ဖန်သားပြင်ပေါ်ကနေသာ ပစ်ခတ်ကစားနေတာ ဖြစ်တာကြောင့် ဒီအယူအဆဟာ လွဲမှားနေပါတယ်။
(၃) ဂိမ်းကစားခြင်းကြောင့် မိတ်ဆွေသူငယ်ချင်းတွေ မရှိလာတော့ဘူးလို့ထင်မြင်ခြင်း
အခုနောက်ပိုင်းမှာဆိုရင် ဂိမ်းအမျိုးအစားအများစုဟာ သူငယ်ချင်းတွေ ဒါမှမဟုတ် ကိုယ်မသိတဲ့ တခြားနိုင်ငံကသူတွေနဲ့ပါ Group ဖွဲ့ပြီးကစားကြတာမျိုး ဖြစ်တဲ့အတွက်ကြောင့် ပတ်ဝန်းကျင်နဲ့လည်း အဆက်မပြတ်နိုင်သလို သူငယ်ချင်းအသစ်တွေ မရှိလာနိုင်တော့ဘူးဆိုတာကလည်း အထင်အမြင်လွဲမှားမှုတခုသာ ဖြစ်ပါတယ်။
(၄) ဂိမ်းကစားခြင်းဟာ ဘာဗဟုသုတ အသိပညာမှ မရရှိနိုင်ဘူးလို့ ထင်မြင်ခြင်း
ဒီလိုအယူအဆမျိုးကတော့ ဘောင်ထဲကနေ တွေးခေါ်တတ်သူတွေ အများဆုံးထင်မြင်လေ့ရှိကြတဲ့ အယူအဆတမျိုးပဲ ဖြစ်ပါတယ်။ ဂိမ်းကစားခြင်းကနေတဆင့် ကိုယ်နဲ့မရင်းနှီးတဲ့ ဘာသာစကားတွေကို သိရှိလာနိုင်တဲ့အပြင် တချို့သောဂိမ်းတွေဟာဆိုရင် History ကိုအခြေခံထားတဲ့ ဂိမ်းတွေဖြစ်တာကြောင့် ဒါတွေကို လိုက်လံဖတ်ရှုရင်း ဗဟုသုတတွေပါ ရရှိနိုင်မှာ ဖြစ်ပါတယ်။
Ref. mentalfloss.com, www.psychologytoday.com