တာဝန်ရှိသူတွေထံ လက်မှတ်ထိုး တောင်းဆိုလွှာ ပေးပို့နိုင်တဲ့ ‘Community Actions’ ဆိုတဲ့ လုပ်ဆောင်ချက်အသစ်တခု Facebook မှာ စတင် ပါဝင်လာပြီ ဖြစ်ပါတယ်။ Facebook အသုံးပြုသူတွေအနေနဲ့ ဒေသတွင်းလိုအပ်ချက်တွေကို ဒေသခံ အာဏာပိုင်တွေထံ ဝိုင်းဝန်း တောင်းဆိုနိုင်မယ့် Petition လုပ်ဆောင်ချက် တမျိုးပါ။ Change.org ရဲ့ အလုပ်လုပ်ပုံမျိုးနဲ့ ဆင်ပါတယ်။
Facebook ဟာ ယခုလုပ်ဆောင်ချက်ကို အမေရိကန်ပြည်ထောင်စုမှာ စတင် ထုတ်ပေးနေတာ ဖြစ်ပြီး၊ https://www.facebook.com/action/explore/ ကနေ သွားရောက် ကြည့်ရှုနိုင်ပါတယ်။
Mobile ကနေ ဆိုရင်တော့ ဘေးဘက် Menu ဘားထဲမှာ ဝင်ရောက် ကြည့်ရှုလို့ရပါတယ်။ Community Actions လုပ်ဆောင်ချက်အသစ်မှာ မိမိ တောင်းဆိုလိုတဲ့အရာကို ထည့်သွင်းပြီး၊ သက်ဆိုင်ရာ အစိုးရ အာဏာပိုင်တွေနဲ့ အဖွဲ့အစည်းတွေကို Tag တွဲနိုင်ပါတယ်။ Tag တွဲထားတဲ့ အစိုးရအဖွဲ့အစည်းတွေမှာ သတိပေးချက် ဝင်လာမှာပါ။
ဒါ့အပြင် မိတ်ဆွေ၊သူငယ်ချင်းတွေကိုလည်း ဝိုင်းဝန်း ထောက်ခံဖို့အတွက် ဖိတ်ခေါ်မှုတွေ လုပ်နိုင်မှာပါ။
တောင်းဆိုလွှာတခုကို ထောက်ခံအားပေးမှု (Support) လုပ်ထားတဲ့သူတွေအနေနဲ့ သက်ဆိုင်ရာ စာမျက်နှာမှာ မိမိဆွေးနွေးလိုသမျှကို ဝင်ရောက် ရေးသားနိုင်ပါတယ်။ ဒါ့အပြင် တောင်းဆိုချက်နဲ့ သက်ဆိုင်တဲ့ ပွဲအခမ်းအနား (Events) တွေကို ဖန်တီးနိုင်သလို၊ ရန်ပုံငွေကောက်ခံမှု (Fundraisers) တွေလည်း ပြုလုပ်နိုင်မှာပါ။
Facebook ဟာ အသုံးပြုသူတွေအနေနဲ့ မိမိဒေသအတွင်းမှာ ပိုမို ပါဝင်လှုပ်ရှားမှု ပြုလုပ်နိုင်ဖို့အတွက် လုပ်ဆောင်ချက်အသစ်၊ အသစ်တွေကို ထုတ်ပေးလျက် ရှိပါတယ်။
၂၀၁၇ ခုနှစ်မှာ မိမိဒေသ ကိုယ်စားပြု အစိုးရတာဝန်ရှိသူတွေကို အလွယ်တကူ ရှာဖွေနိုင်တဲ့ Town Hall လုပ်ဆောင်ချက်ကို ထုတ်ပေးခဲ့သလို၊ လွန်ခဲ့တဲ့ ၃ လ လောက်တုန်းကလည်း ရွေးကောက်ခံ ကိုယ်စားလှယ်တွေအနေနဲ့ မဲဆန္ဒရှင်ပြည်သူတွေကို ဗီဒီယိုနဲ့ တိုက်ရိုက် မဲဆွယ်နိုင်တဲ့ Candidate လုပ်ဆောင်ချက်ကို ထုတ်ပေးခဲ့ပါသေးတယ်။
ယခု အသစ်ထုတ်ပေးလိုက်တဲ့ Community Actions လုပ်ဆောင်ချက်ကတော့ အသုံးပြုသူတွေအနေနဲ့ ဒေသတွင်း ပြုပြင်ပြောင်းလဲမှုတွေကို အလွယ်တကူ ထောက်ခံအားပေးနိုင်စေဖို့ ဖြစ်ကာ၊ ပြဿနာအရပ်ရပ်ကို ရွေးကောက်တင်မြှောက်ထားတဲ့ အာဏာပိုင်၊ အစိုးရအဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဖြေရှင်းနိုင်စေဖို့ ဖြစ်တယ်လို့ Facebook က ဆိုပါတယ်။
Community Action လုပ်ဆောင်ချက်ကို ယနေ့ စတင်ထုတ်ပေးနေပြီး၊ လူတိုင်းတော့ အသုံးပြုနိုင်ဦးမှာ မဟုတ်ဘူးလို့ သိရပါတယ်။
Ref: The Verge, Tech Crunch