တန်ဖိုးကြီးဖုန်းတွေ ရောင်းအားတက်လာပေမယ့် ကမ္ဘာ့စမတ်ဖုန်း ဈေးကွက်တခုလုံး ကျဆင်းလျက်ရှိ
၂၀၁၈ ခုနှစ်အတွင်းမှာ စမတ်ဖုန်းမော်ဒယ် အမြောက်အများ ထွက်ရှိခဲ့ပေမယ့်လည်း ကမ္ဘာ့ စမတ်ဖုန်းဈေးကွက် တခုလုံးဟာ အကျဘက်ကို ရောက်ရှိနေတယ်လို့ ဈေးကွက်လေ့လာရေးကုမ္ပဏီ Counterpoint Research ရဲ့ ၂၀၁၈ ခုနှစ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
၂၀၁၈ ခုနှစ်အတွင်းမှာ ကမ္ဘာ့စမတ်ဖုန်းဈေးကွက် တခုလုံးဟာ အရင်နှစ်ကထက် ၂ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပါတယ်။ ဒါပေမယ့် ဒေါ်လာ ၄၀၀ နှင့်အထက် ပေးရတဲ့ တန်ဖိုးကြီး ပရီမီယမ်ဖုန်းဈေးကွက်ကတော့ ၁၈ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့တာ တွေ့ရပါတယ်။
Apple ၊ Samsung နဲ့ Google တို့အပြင် Huawei ၊ OPPO ၊ Vivo စတဲ့ တရုတ်ဖုန်းကုမ္ပဏီတွေကလည်း မော်ဒယ်မြင့်ဖုန်းတွေ အပြိုင်အဆိုင် မိတ်ဆက်ခဲ့ကြတာကြောင့် ပရီမီယမ်ဈေးကွက်မှာ အတက်ပြခဲ့တာပါ။

ပရီမီယမ်ဈေးကွက်ထဲမှာမှ ဒေါ်လာ ၈၀၀ နှင့်အထက် ပရီမီယမ်လွန် (Ultra-premium) ဈေးကွက်ကဏ္ဍဟာ တိုးတက်မှုအမြန်ဆုံး ဖြစ်ပါတယ်။ ပရီမီယမ်လွန်ဈေးကွက်ကဏ္ဍဟာ Apple ကနေ iPhone X မိတ်ဆက်ပြီးမှ ဖြစ်ပေါ်လာတဲ့ ကဏ္ဍသစ်ဖြစ်ပါတယ်။
ဒါပေမယ့် iPhone X ထွက်ရှိပြီးနောက်မှာ ဖုန်းဈေးနှုန်းတွေဟာ အရင်ကထက် ပိုမြင့်တက်သွားခဲ့ပြီး၊ ၂၀၁၈ ခုနှစ်အတွင်း ထပ်မံ မိတ်ဆက်ခဲ့တဲ့ iPhone XS၊ XS MAX၊ Samsung Galaxy Note 9၊ Google Pixel 3 XL စတဲ့ ဖုန်းအကုန်လုံးဟာ ဒေါ်လာ ၈၀၀ ကျော် ဈေးတွေနဲ့ ထွက်ရှိခဲ့တဲ့ ဖုန်းတွေ ဖြစ်ပါတယ်။ Ultra-premium ဈေးကွက်တခုလုံးရဲ့ ၈၀ ရာခိုင်နှုန်းကိုတော့ Apple က သိမ်းပိုက်ထားပါတယ်။
ဒေါ်လာ ၄၀၀ ကျော်တန် ပရီမီယမ် စမတ်ဖုန်းဈေးကွက် တခုလုံးရဲ့ ၅၁ ရာခိုင်နှုန်းကိုလည်း Apple က သိမ်းပိုက်ထားပြီး၊ Apple နောက်မှာတော့ Samsung က ၂၂ ရာခိုင်နှုန်း၊ Huawei က ၁၀ ရာခိုင်နှုန်းတို့နဲ့ အသီးသီး ဈေးကွက်ဝေစု ရယူထားကြပါတယ်။

P20 နဲ့ Mate 20 စမတ်ဖုန်းစီးရီးတွေ ရောင်းအားကောင်းခဲ့တာကြောင့် Huawei ဟာ အရင်နှစ်ကထက် ပရီမီယမ်ကဏ္ဍ မှာ ဈေးကွက်ဝေစု ၂ ဆ တိတိ တိုးတက်လာတာပါ။ ပရီမီယမ် ကဏ္ဍရဲ့ ကျန်တဲ့ ၁၇ ရာခိုင်နှုန်းကိုတော့ Xiaomi၊ OPPO၊ Vivo၊ OnePlus စတဲ့ တရုတ်ကုမ္ပဏီတွေကပဲ သိမ်းပိုက်ထားကြပါတယ်။
၂၀၁၈ ခုနှစ်အတွင်းမှာ ဖုန်းဝယ်ယူသူတွေဟာ ဖုန်းတလုံးအတွက် ပိုက်ဆံ ပိုသုံးဖို့ လိုလားလာကြတယ်လို့လည်း Counterpoint ရဲ့ Customer လေ့လာမှုမှာ ဖော်ပြပါတယ်။ အရင်ကထက် စာရင် တန်ဖိုးကြီးဖုန်းတွေ ပိုကိုင်လာကြပေမယ့် ဖုန်းတလုံးကို ကိုင်တဲ့ ကာလလည်း ပိုကြာလာကြပါတယ်။
ဒါကြောင့် ဖုန်းဈေးကွက်တခုလုံးရဲ့ တိုးတက်နှုန်းဟာ နှေးကွေးနေပြီး၊ တန်ဖိုးကြီး ပရီမီယမ်ဖုန်းဈေးကွက်ကတော့ ပိုမို ကျယ်ပြန့်လာတာ ဖြစ်တယ်လို့ သိရပါတယ်။
Ref: GSM Arena, Counterpoint