Xiaomi ဟာ Redmi Go လို့ခေါ်တဲ့ စမတ်ဖုန်းမော်ဒယ်အသစ်တမျိုးကို ယနေ့ မိတ်ဆက်လိုက်ပါတယ်။
Xiaomi ဖုန်းတွေထဲမှာ Android Go စနစ်နဲ့ ထွက်ရှိလာတဲ့ စမတ်ဖုန်းဖြစ်ပြီး၊ ယူရို ၈၀ ထဲနဲ့ ရောင်းချသွားမှာပါ။ Android Go ဆိုတာကတော့ နောက်ဆုံးပေါ် Android ဗားရှင်းတွေကို တန်ဖိုးနည်းဖုန်းတွေမှာ ပေါ့ပါး၊ အဆင်ပြေပြေ အသုံးပြုနိုင်အောင်အတွက် ရည်ရွယ်ဖန်တီးထားတဲ့ ဆော့ဖ်ဝဲစနစ် တခု ဖြစ်ပါတယ်။
Android Go ဖုန်းတွေအတွက် ထုတ်ပေးထားတဲ့ Maps Go၊ YouTube Go စတဲ့ Go Apps တွေလည်း ဒီဖုန်းမှာ တပါတည်း ပါဝင်လာမှာပါ။
Redmi Go ကို Android 8.1 Oreo (Go Edition) နဲ့ ထုတ်သွားမှာဖြစ်ပြီး အနက်ရောင်နဲ့ အပြာရောင် နှစ်မျိုး ရောင်းချသွားမှာပါ။ ဥရောပနဲ့ ဖိလစ်ပိုင်နိုင်ငံတို့မှာ ဖေဖော်ဝါရီလအတွင်း စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။
Redmi Go ဖုန်းမှာ ၅ လက်မအရွယ် 1280×720 pixels (HD) LCD Display ပါရှိပြီး၊ လွန်ခဲ့တဲ့ ၁ နှစ်ခွဲ လောက်က ဖုန်းတွေအတိုင်း 16:9 Aspect Ratio သုံး မျက်နှာပြင် ဖြစ်ပါတယ်။ တန်ဖိုးနည်းဖုန်း ဖြစ်တာနဲ့ အညီ Snapdragon 425 Chipset၊ 1GB RAM နဲ့ 8GB ဒါမှမဟုတ် 16GB Storage တို့ ပါရှိမှာ ဖြစ်ပါတယ်။
microSD ကတ်လည်း ထပ်စိုက်နိုင်မှာပါ။ ဒါပေမယ့် Hybrid Slot ဖြစ်တာကြောင့် SIM နှစ်ကတ် သုံးမယ်ဆိုရင် microSD ကတ်တော့ စိုက်နိုင်မှာ မဟုတ်ပါဘူး။
ကျောကင်မရာက LED ဖလက်ရှ်မီးပါ8MP နဲ့ ရှေ့ကင်မရာက 5MP ဆန်ဆာတို့ ဖြစ်ပါတယ်။ ဘက်ထရီကတော့ 3,000mAh ပါဝင်မှာပါ။ ပါဝါအသုံးပြုမှုနည်းတဲ့ Chipset နဲ့ OS တို့ကြောင့် ဘက်ထရီကြာကြာခံမယ့် ဖုန်းတလုံး ဖြစ်ပါတယ်။
Xiaomi ဟာ Redmi Go ဖုန်းကို ဥရောပနဲ့ ဖိလစ်ပိုင် ဈေးကွက်တို့အပြင် တခြားဈေးကွက်တွေမှာလည်း ရောင်းချဖို့ အစီအစဉ် ရှိ၊ မရှိ မသိရသေးပါဘူး။
Ref: GSM Arena