Apple ဟာ ၂၀၁၉ ခုနှစ်အတွက် ပထမဆုံး ဘဏ္ဍာရေး အစီရင်ခံစာကို အင်္ဂါနေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် အားလပ်ရက်ရာသီ ရောင်းအားတွေပါ ပါဝင်ခဲ့ပေမယ့် ဒေါ်လာ ၈၄ ဒဿမ ၃ ဘီလျံပဲ အဝင်ပြခဲ့ပြီး၊ ယမန်နှစ်ကထက် ၅ ရာခိုင်နှုန်းနီးပါး ဝင်ငွေကျဆင်းခဲ့တာ တွေ့ရပါတယ်။
ပထမဆုံး iPhone ကို မိတ်ဆက်ပြီးနောက် ဝင်ငွေကျဆင်းမှု မကြုံဖူးတဲ့ Apple အတွက် ဆယ်စုနှစ်ကျော်အတွင်း ပထမဆုံးအကြိမ် ဝင်ငွေကျဆင်းခဲ့တာလို့ ဆိုရင်လည်း မမှားပါဘူး။ ၂၀၁၉ ပထမသုံးလပတ်အတွက် ခန့်မှန်းဝင်ငွေကို လျော့ချမျှော်မှန်းထားကြောင်း Cook က ရင်းနှီးမြှပ်နှံသူတွေကို သတိပေးခဲ့အပြီးမှာ၊ ယခုဘဏ္ဍာရေး အစီရင်ခံစာကို ထုတ်ပြန်ကြေညာခဲ့တာပါ။
Apple ရဲ့ လက်ရှိ CEO ဖြစ်သူ Tim Cook ကတော့ တရုတ်နိုင်ငံကနေ ဝင်ငွေလျော့နည်းသွားခြင်းနဲ့ iPhone ရောင်းအားကျရခြင်းတို့ကြောင့် ကုမ္ပဏီဝင်ငွေ ကျဆင်းခဲ့တာ ဖြစ်တယ်လို့ ကိုးကား ပြောဆိုထားပါတယ်။ ယမန်နှစ် ဒီဇင်ဘာလမှာ အဆုံးသတ်ခဲ့တဲ့ Apple ရဲ့ ၂၀၁၉ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်အစီရင်ခံစာမှာ စုစုပေါင်း ဝင်ငွေ ဒေါ်လာ ၈၄ ဒဿမ ၃ ဘီလျံ ရရှိခဲ့ပါတယ်။
ဒီပမာဏဟာ ယမန်နှစ်၊အလားတူ သုံးလပတ်အတွင်း ရရှိခဲ့တဲ့ ဝင်ငွေထက် ၄ ဒဿမ ၅ ရာခိုင်နှုန်း နည်းပါးနေတာပါ။ ထို့အတူ ယမန်နှစ် သုံးလပတ်တုန်းက အမြတ်ငွေ ဒေါ်လာ ၂၀ ဘီလျံ ရရှိခဲ့ပေမယ့် ယခုနှစ်မှာတော့၁၉ ဒဿမ ၉၇ ဘီလျံပဲ ရရှိခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
တရုတ်ပြည်မကြီးကနေ ဝင်ငွေ ၁၃ ဒဿမ ၁၇ ဘီလျံသာ ရရှိခဲ့ပြီး၊ ယမန်နှစ်ကနဲ့ ယှဉ်ရင် ၂၆ ရာခိုင်နှုန်းအထိ လျော့နည်းသွားခဲ့တာပါ။ iPhone ရောင်းရငွေကလည်း ယမန်နှစ်ထက် ၁၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ ဒါပေမယ့် အခြားထုတ်ကုန်များနဲ့ ဝန်ဆောင်မှုတွေက စုစုပေါင်း ဝင်ငွေကတော့ ယမန်နှစ်ကထက် ၁၉ ရာခိုင်နှုန်းတိုးတက်လာတယ်လို့ Apple က ထုတ်ပြန်ထားပါတယ်။
Apple က စုစုပေါင်း ဝင်ငွေနည်းသွားတယ်လို့ ဆိုသည့်တိုင်အောင် ရင်းနှီးမြှပ်နှံသူတွေကတော့ သဘောကျဆဲပါပဲ။ ယခုအစီရင်ခံစာ ထုတ်ပြန်အပြီး စတော့ဈေးကွက် ပိတ်သိမ်းချိန်မှာ Apple ရှယ်ယာတွေဟာ ၅ ဒဿမ ၅ ရာခိုင်နှုန်းအထိ ခုန်တက်သွားခဲ့ပါသေးတယ်။
“မှန်းချက်နဲ့ လွဲခဲ့တာက စိတ်ပျက်စရာဆိုပေမယ့်လည်း ကျနော်တို့က ရေရှည်အထိ တွေးပြီး Apple ကို စီမံထိန်းကျောင်းနေတာပါ။ ယခုသုံးလပတ် ရလဒ်တွေကို ကြည့်ရင် ကျနော်တို့ လုပ်ငန်းတွေရဲ့ အခြေအမြစ် ကျယ်ပြန့်ခိုင်မာမှု ရှိတယ်ဆိုတာ တွေ့မြင်နိုင်ပါတယ်” လို့ Apple CEO Tim Cook က အစီရင်ခံစာမှာ ရေးသားခဲ့ပါတယ်။
“အသုံးပြုလျက်ရှိတဲ့ Apple ထုတ်ကုန်ပစ္စည်းတွေ ပမာဏဟာ အမြင့်ဆုံးအဖြစ် ၁ ဒဿမ ၄ ဘီလျံအထိ ရောက်ရှိသွားခဲ့ပါတယ်။ နေရာဒေသတိုင်းမှာ အတက်ပြခဲ့တာပါ။ ကျနော်တို့ Customer တွေရဲ့ စိတ်ကျေနပ်မှုနဲ့ သူတို့တွေ ဘယ်လောက် စွဲမြဲသစ္စာရှိလဲဆိုတာ အကောင်းဆုံး သာဓကပါပဲ။
ကျနော်တို့ရဲ့ ကြီးမား တိုးတက်လာတဲ့ Ecosystem (ချိတ်ဆက်ထားသည့် ပစ္စည်း၊ဝန်ဆောင်မှုစနစ်)ကြောင့်လည်း ဝန်ဆောင်မှုလုပ်ငန်း (iCloud၊ App Store၊ Apple Music စသည်တို့) မှာ စံချိန်သစ်တွေ တင်နိုင်ခဲ့တာပါ” လို့ Cook က ဆိုပါတယ်။ အသုံးပြုလျက်ရှိတဲ့ ထုတ်ကုန်ပစ္စည်း ၁ ဒဿမ ၄ ဘီလျံမှာ iPhone တွေချည်း အလုံးရေ သန်း ၉၀၀ ရှိပါတယ်။
iPhone ဝင်ငွေ ၁၅ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်ဆိုပေမယ့်၊ iPad ဝင်ငွေကတော့ ယမန်နှစ်ကထက် ၁၇ ရာခိုင်နှုန်း၊ Mac က ၉ ရာခိုင်နှုန်းနဲ့ Wearables/ အိမ်သုံးပစ္စည်း/ ဆက်စပ်ပစ္စည်းတွေက ၃၃ ရာခိုင်နှုန်း အသီးသီး အတက်ပြခဲ့ပါတယ်။
အမေရိကန်သမ္မတ Donald Trump နဲ့ အမြဲတစေ အဆက်အသွယ်ရှိတဲ့ Tim Cook ကတော့ အမေရိကန်နဲ့ တရုတ်ကြားက ကုန်သွယ်ရေး တင်းမာမှုတွေ လျော့ကျလာဖို့ မျှော်လင့်ထားကြောင်း Reuters သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
ထို့အတူ တရုတ်ပြည်မကြီးအပြင် တခြားနိုင်ငံတွေမှာလည်း iPhone ရောင်းအား တက်စေဖို့အတွက် iPhone တွေရဲ့ ဈေးနှုန်းကို အမေရိကန်ဒေါ်လာအစား ဒေသတွင်းငွေကြေးနှုန်းထားတွေနဲ့ ပြောင်းလဲသတ်မှတ်ဖို့ စဉ်းစားနေကြောင်းလည်း Tim Cook က ပြောကြားခဲ့ပါတယ်။
Ref: DailyMail, The Verge