ဖုန်းထုတ်လုပ်တဲ့ကုမ္ပဏီတွေအတွက် ကမ္ဘာ့ပထမဆုံး 1TB eUFS Chip တမျိုးကို ထုတ်လုပ်ပေးသွားမှာ ဖြစ်ကြောင်း Samsung က ကြေညာလိုက်ပါတယ်။ အဆိုပါ Memory Chip တွေကို အလုံးအရင်းနဲ့ စတင် ထုတ်လုပ်နေပြီဖြစ်တယ်လို့ဆိုတာကြောင့် မကြာခင် ဖုန်းတွေမှာ မြင်တွေ့ရဖို့ ရှိပါတယ်။
eUFS ဆိုတာကတော့ စမတ်ဖုန်းအတွင်းမှာ တပါတည်း တပ်ဆင်ထားတဲ့ Flash Storage Chip တခု ပါ။ ပထမဆုံး UFS Chip ကိုတော့ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလမှာ 128GB နဲ့ အရင်ဆုံး မိတ်ဆက်ခဲ့ပါတယ်။ ထို့နောက် UFS Chip တွေရဲ့ ဒေတာသိမ်းဆည်းနိုင်မှု ပမာဏနဲ့ မြန်နှုန်းတို့ကို တဖြည်းဖြည်း ပိုမိုကောင်းမွန်အောင် ပြုလုပ်နိုင်ခဲ့ပြီး၊ ယခုလို 1TB အထိ ထုတ်လုပ်လာနိုင်တာပါ။
Galaxy Note 9 မှာတုန်းကလည်း 1TB Storage ရတယ်ဆိုပေမယ့်၊ ဖုန်းထဲမှာတော့ 512 GB Chip တခုပဲ ပါဝင်ပါတယ်။ 1TB အပြည့် သုံးချင်ရင် အပြင်ကနေ 512 GB ကတ် ထပ်စိုက်သုံးခဲ့ရတာပါ။ယခု UFS Chip အသစ်ကတော့ ဒေတာသိမ်းဆည်းနိုင်မှု ပမာဏ 1TB အထိ တပါတည်း ပါဝင်လာမှာဖြစ်တဲ့အတွက် စမတ်ဖုန်း၊ တက်ဘလက်တွေအနေနဲ့ နောက်ထပ် မမ်မိုရီကတ် ထပ်စိုက်စရာ မလိုဘဲ လက်ပ်တော့၊ ကွန်ပျူတာ တလုံးအတိုင်း အသုံးပြုလာနိုင်ဖို့ ရှိပါတယ်။
Samsung က အခုအသစ်ထုတ်မယ့် 1TB eUFS Chip ကို ကုမ္ပဏီကိုယ်တိုင်ထုတ် ဖုန်းတွေ၊ တက်ဘလက်တွေမှာ အသုံးပြုသွားဖို့ စီစဉ်ထားသလို၊ တခြားကုမ္ပဏီတွေကို ထုတ်ရောင်းသွားမှာလည်း ဖြစ်ပါတယ်။ ဖုန်းကုမ္ပဏီတွေဆီကနေလည်း ဝယ်လိုအားများပြားမယ်လို့ Samsung က ခန့်မှန်းထားပါတယ်။
Samsung ရဲ့ 1TB Chip မှာ eUFS 2.1 စံနှုန်းကို အသုံးပြုထားပြီး၊ အရွယ်အစားက အရင် 512GB Chip အတိုင်းပါပဲ။ ဒါပေမဲ့ မြန်နှုန်းက ပိုမို တိုးတက်လာပြီး၊ ကြီးမားတဲ့ ဖိုင်အမြောက်အများကို တစက္ကန့် 1000MB နှုန်းနဲ့ ဖတ်ရှုနိုင်ပါတယ်။ သာမန် microSD ကတ်တကတ်ရဲ့ အမြန်နှုန်းထက် ၁၀ ဆ တိတိ မြန်ဆန်တယ်လို့ Samsung က ဆိုပါတယ်။
64GB eUFS သုံးထားတဲ့ လက်ရှိမော်ဒယ်မြင့်ဖုန်းတွေမှာ ၁၀ မိနစ်စာ 4K UHD ဗီဒီယို ၁၃ ခု လောက်ပဲ သိမ်းဆည်းထားနိုင်ပေမယ့် Samsung ရဲ့ 1TB Chip မှာတော့ ဗီဒီယို အခု ၂၆၀ လာက်သိမ်းထားနိုင်မှာပါ။
မျိုးဆက်သစ် မိုဘိုင်းပစ္စည်းတွေအတွက် Notebook ပုံစံ အသုံးပြုမှုအတွေ့အကြုံကို ယူဆောင်လာပေးရာမှာ 1TB eUFS Chip တွေဟာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်မယ်လို့ Samsung ရဲ့ မမ်မိုရီမားကက်တင်း ဒုဥက္ကဋ္ဌ Cheol Choi က ပြောကြားခဲ့ပါတယ်။
အသစ် မိတ်ဆက်မယ့် Galaxy S10 ဖုန်းတွေမှာ 12GB RAM နဲ့ 1TB Storage ပါဝင်လာမယ်လို့ ကာလာဟလတွေ ထွက်နေတဲ့အချိန်မှာ Samsung က 1TB eUFS ကို မိတ်ဆက် ကြေညာလိုက်တာဖြစ်ပါတယ်။
Ref: The Verge, Gadgets NDTV