အမေရိကန်ပြည်ထောင်စု ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (FBI) ဟာ Apple ဝန်ထမ်း၊ တရုတ်နိုင်ငံသားတဦးကို ကုမ္ပဏီရဲ့ မောင်းသူမဲ့ကားပရောဂျက်ဆိုင်ရာ ကုန်သွယ်ရေးလျှို့ဝှက်ချက်တွေ ခိုးယူရန် ကြိုးပမ်းမှုကြောင့် တရားစွဲဆိုထားပါတယ်။
မောင်းသူမဲ့ကား ပရောဂျက်ဆိုင်ရာ လျှို့ဝှက်ချက်တွေ ခိုးယူမှုကြောင့် ၆ လအတွင်းမှာ ဒုတိယအကြိမ်မြောက် Apple ဝန်ထမ်းတဦး တရားစွဲခံရတာပါ။ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လတုန်းကလည်း အလားတူပြစ်မှုတခုကြောင့် တရုတ်နိုင်ငံသား တဦးကို FBI က တရားစွဲခဲ့ဖူးပါတယ်။
ဒုတိယအကြိမ်မြောက် တရားစွဲခံရတဲ့ တရုတ်နိုင်ငံသား Jizhong Chen ဟာ “Project Titan” လို့ လူသိများတဲ့ Apple မောင်းသူမဲ့ကားပရောဂျက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်း ၅,၀၀၀ ထဲက တဦးဖြစ်ပါတယ်။ Apple ကုမ္ပဏီကို လွန်ခဲ့တဲ့နွေရာသီကမှ Hardware Engineer ရာထူးနဲ့ ရောက်ရှိလာသူပါ။
မောင်းသူမဲ့ကားပရောဂျက်ကို တိုက်ရိုက်ကိုင်တွယ်နေတဲ့ အဓိက ဝန်ထမ်း ၁,၂၀၀ ထဲမှာ တဦးအပါအဝင်ဖြစ်တယ်လို့ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့တဲ့ စွဲချက်မှာ ဖော်ပြထားပါတယ်။
မောင်းသူမဲ့ကားပရောဂျက် လုပ်ငန်းခွင်မှာ Jizhong Chen တယောက် ဓာတ်ပုံတွေ ရိုက်ယူနေတာကို လုပ်ဖော်ကိုင်ဖက် ဝန်ထမ်းတွေက တွေ့ရှိခဲ့ပြီးနောက်မှာ Apple က စတင် စုံစမ်းစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ Chen ဟာ သူ့ကိုယ်ပိုင် ကွန်ပျူတာကို Apple စုံစမ်းစစ်ဆေးရေးဝန်ထမ်းတွေအား ရှာဖွေခွင့် ပြုခဲ့ရာမှာ Apple ကုမ္ပဏီပိုင် လျှို့ဝှက်ချက်များစွာ ပါဝင်တဲ့ ဖိုင်ပေါင်း ၂ ထောင်ကျော်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ဒါ့အပြင် ကုမ္ပဏီရဲ့ အရေးကြီးသတင်းအချက်အလက်တွေ ပြထားတဲ့ ကွန်ပျူတာ Screen ကို ရိုက်ကူးထားတဲ့ ဓာတ်ပုံ ရာကျော်ကိုလည်း ရှာဖွေတွေ့ရှိခဲ့တယ်လို့ စွဲချက်မှာ ဖော်ပြထားပါတယ်။
Chen ဟာ ဒီဇင်ဘာလတုန်းက ကုမ္ပဏီရဲ့ “စွမ်းဆောင်ရည်မွမ်းမံရေး အစီအစဉ်” မှာ ထည့်သွင်းခံခဲ့ရပြီး၊ အလုပ်ပြုတ်ဖို့ အထိ ရင်ဆိုင်ခဲ့ရပါတယ်။ အဲဒီအချိန်တုန်းက Chen ဟာ တရုတ်မောင်းသူမဲ့ကား ကုမ္ပဏီတခု အပါအဝင် တခြားကုမ္ပဏီနှစ်ခုထံ အလုပ်ပြောင်းဖို့ လျှောက်ထားပြီး ဖြစ်တယ်လို့ Apple ကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ နောက်မှာတော့ နာမကျန်းဖြစ်နေတဲ့ ဖခင်ဖြစ်သူဆီ ပြန်ဖို့ အကြောင်းပြချက်နဲ့ တရုတ်နိုင်ငံကို မထွက်ခွာမီ တရက်အလိုမှာ Chen ကို ဖမ်းဆီးထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။ ယခုပြစ်မှုကြောင့် ထောင်ဒဏ် ၁၀ နှစ်နဲ့ အမြင့်ဆုံးဒဏ်ကြေး ဒေါ်လာ ၂ သိန်းခွဲအထိ ချမှတ်ခံရနိုင်ခြေ ရှိပါတယ်။
အမေရိကန်နဲ့ တရုတ်တို့အကြား ကုန်သွယ်ရေးစစ်ပွဲ အရှိန်မြင့်နေချိန်မှာ တရုတ်နိုင်ငံသားတဦးကို FBI က ဉာဏမူပိုင်ခွင့် ခိုးယူရန် ကြိုးပမ်းမှုကြောင့် တရားစွဲဆိုလိုက်တာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ အမေရိကန်နည်းပညာကုမ္ပဏီကြီးတွေရဲ့ ဉာဏမူပိုင်ခွင့်တွေကို ခိုးယူရန် ဆယ်စုနှစ်များစွာ ကြံစည်ကြိုးပမ်းနေတယ်လို့လည်း အမေရိကန် အစိုးရအေဂျင်စီ များစွာက စွပ်စွဲထားကြပါတယ်။
Ref: The Verge, NBC