Samsung ဟာ ၂၀၁၈ ခုနှစ်၊ စတုတ္ထ သုံးလပတ်အတွက် ဝင်ငွေခန့်မှန်း အစီရင်ခံစာကို ထုတ်ပြန်ကြေညာခဲ့စဉ်က ဝင်ငွေသိသိသာသာ ကျဆင်းဖို့ ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။ တကယ်လည်း Samsung အတွက် ၂၀၁၈ နှစ်ကုန်က ကြမ်းတမ်းခဲ့တယ်လို့ ပြောရမှာပါ။
Samsung ဟာ Chipset ထုတ်လုပ်မှုလုပ်ငန်းကနေ ဝင်ငွေအများဆုံး ရရှိနေတာပါ။ ဒါပေမယ့် ၂၀၁၈ နှစ်ကုန်မှာ စမတ်ဖုန်းတွေနဲ့ ဒေတာစင်တာတွေမှာ အသုံးပြုတဲ့ Memory Chips တွေ ဝယ်လိုအား ကျဆင်းမှုကြောင့် အမြတ်ငွေ ကျဆင်းရတာ ဖြစ်တယ်လို့ Samsung က ဆိုပါတယ်။
Samsung က ထုတ်ပြန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ စတုတ္ထ သုံးလပတ် ဘဏ္ဍာရေးရှင်းတမ်းမှာ ဖော်ပြထားချက်အရ ၂၀၁၈ နောက်ဆုံး ၃ လပတ်အတွင်းမှာ ဝင်ငွေ အမေရိကန်ဒေါ်လာ ၅၃ ဒဿမ ၄ ဘီလျံ ရရှိခဲ့တယ်လို့ သိရပါတယ်။ ဒီပမာဏဟာ ၂၀၁၇ ခုနှစ်၊ စတုတ္ထ သုံးလပတ်နဲ့ ယှဉ်ရင် ၁၀ ရာခိုင်နှုန်းတိတိ လျော့နည်းသွားတာပါ။ ဒါ့အပြင် အမြတ်ငွေကလည်း ၂၀၁၈ ခုနှစ်၊ စတုတ္ထ သုံးလပတ်မှာ ၉ ဒဿမ ၇ ဘီလျံသာ ရရှိခဲ့ပြီး၊ သူ့အရင်နှစ်ကထက် ၂၉ ရာခိုင်နှုန်းအထိ လျော့နည်းသွားခဲ့ပါတယ်။
Memory Chip လုပ်ငန်း (NAND နှင့် DRAM ထုတ်လုပ်မှု) တွေဟာ ဝယ်ယူသူ ဒေတာစင်တာကုမ္ပဏီတွေနဲ့ စမတ်ဖုန်းကုမ္ပဏီတွေရဲ့ စီးပွားရေးဆိုင်ရာ မတည်ငြိမ်မှုတွေကြောင့် ထိခိုက်မှု ရှိခဲ့တာ ဖြစ်တယ်လို့ Samsung က ဆိုပါတယ်။ ယမန်နှစ်အတွင်း ကမ္ဘာ့စမတ်ဖုန်းရောင်းအား ကျဆင်းမှု ဒဏ်ကို Samsung ရဲ့ Memory Chip လုပ်ငန်းလည်း ခံခဲ့ရပုံ ပေါ်ပါတယ်။
မိုဘိုင်းဖုန်း ထုတ်လုပ်ရေးဌာနအနေနဲ့လည်း ဈေးကွက်ကျဆင်းမှုဒဏ်ကို ကောင်းကောင်းခံခဲ့ရပြီး၊ ဒီအတိုင်း မပြောင်းမလဲ ရှိနေဦးမယ်လို့ Samsung က ကြိုတင် ခန့်မှန်းထားပါတယ်။ စမတ်ဖုန်းနဲ့ တက်ဘလက် ဝယ်လိုအားဟာ ၂၀၁၉ ခုနှစ်၊ ပထမသုံးလပတ်မှာ ထပ်မံ ကျဆင်းပြီး၊ ကုမ္ပဏီရဲ့ Display ထုတ်လုပ်မှုလုပ်ငန်းကိုပါ လာရောက် ထိခိုက်နိုင်ခြေရှိတယ်လို့ Samsung က ခန့်မှန်းထားပါတယ်။
ရှေ့လ မိတ်ဆက်မယ့် Galaxy S10 နဲ့ နောက်ထပ် မော်ဒယ်မြင့်ဖုန်းတွေ ထုတ်ပြီးရင်တော့ ရောင်းအားအနည်းငယ် ပြန်တက်လာဖို့ မျှော်လင့်ထားတယ်လို့ Samsung က ပြောကြားခဲ့ပါတယ်။
Samsung ဟာ ၂၀၁၈ ခုနှစ်၊ စတုတ္ထသုံးလပတ်မှာ အခြေအနေ မကောင်းခဲ့ပေမယ့် ၂၀၁၈ ဘဏ္ဍာရေးတနှစ်လုံးရဲ့ ဝင်ငွေကိုတော့ ဆိုးရွားစွာ ထိခိုက်မှု မရှိဘူးလို့ ဆိုပါတယ်။ ၂၀၁၈ မှာ Samsung အနေနဲ့ စုစုပေါင်း ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၂၀ ဘီလျံ ရရှိခဲ့ကာ လုပ်ငန်းအမြတ်ငွေ အမေရိကန်ဒေါ်လာ ၅၃ ဘီလျံအထိ ရရှိခဲ့ပါတယ်။ ၂ နှစ်ဆက်တိုက် အမြတ်ငွေစံချိန်တင် ရရှိခဲ့တာ ဖြစ်ပါတယ်။
Ref: Engadget