နည်းပညာခေတ်ကြီးမှာ အိမ်တွင်း၊ အိမ်ပြင် သန့်ရှင်းရေးကို လူကိုယ်တိုင် လုပ်စရာ မလိုတော့ပါဘူး။ စက်ရုပ်တွေကို ခိုင်းစေလာနိုင်ပါပြီ။ အိမ်တွင်းသန့်ရှင်းရေးအတွက် နာမည်ကျော် Roomba ဖုန်စုပ်စက်ရုပ်ကို ထုတ်လုပ်ခဲ့တဲ့ iRobot ကုမ္ပဏီဟာ ယခုအခါ အိမ်ပြင်မှာ မြက်ရိတ်ခိုင်းဖို့အတွက် “Terra” အမည်ရ မြက်ရိတ်စက်ရုပ်ကို ထပ်မံ မိတ်ဆက်လိုက်ပါတယ်။
ဆယ်စုနှစ်တခုကျော် တီထွင်ဖန်တီးခဲ့တဲ့ နည်းပညာဖြစ်တယ်လို့ iRobot က ပြောကြားပါတယ်။ တခြား အလိုအလျောက် မြက်ရိတ်စက်တွေဟာ နယ်နမိတ် သတ်မှတ်ဖို့အတွက် ဝါယာကြိုး ချထားဖို့ လိုပေမယ့် Terra မှာတော့ ကြိုးမဲ့ အချက်ပြတိုင်လေးတွေကို မြက်ခင်း ပတ်လည် အနားတလျှောက်မှာ ချထားပေးဖို့ပဲ လိုပါတယ်။
ပထမဆုံး အသုံးပြုတဲ့အခါမှာ တွဲဖက်အသုံးပြုရမယ့် iRobot HOME App ကနေ Terra ကို မြက်ခင်းတလျှောက် မောင်းသွားပြီး မြက်ရိတ်ရမယ့် နေရာတွေနဲ့ ရှောင်ရှားရမယ့် နေရာတွေကို ပြထားပေးဖို့ပဲ လိုပါတယ်။ နောက်ပိုင်းမှာ Terra က မြက်ခင်းမြေပုံကို မှတ်သားထားကာ အလိုလို မြက်ရိတ်ပေးမှာပါ။
Terra ကို ၁ နာရီကြာ မြက်ရိတ်ခိုင်းနိုင်ပြီး ၂ နာရီကြာ အားပြန်သွင်းပေးဖို့ လိုပါတယ်။ ဒါပေမဲ့ မြက်ရိတ်နေစဉ် ဘက်ထရီကုန်သွားတဲ့ အခါမျိုးမှာလည်း အားသွင်းစက်ရှိရာဆီ အလိုလို ပြန်လာအားသွင်းနိုင်ပါတယ်။ အားပြည့်သွားရင် ရိတ်လက်စ နေရာကနေ ပြန်ရိတ်ပေးသွားမှာပါ။
Terra ရဲ့ ဖြုတ်တပ်နိုင်တဲ့ မြက်ရိတ်ဒလက် နည်းပညာက ကျောက်ခဲလို မာကျောတဲ့အရာတွေကို ပြန်ကန်ထုတ်ပေးနိုင်တာကြောင့် ဒလက်ကျိုးမှာလည်း ပူစရာ မလိုပါဘူး။ Terra ကို App ကနေလည်း အပြည့်အဝ ထိန်းချုပ်နိုင်မှာပါ။ မြက်တွေရဲ့ အမြင့်၊ ရိတ်မယ့် အချိန် စတဲ့ ချိန်ညှိမှုတွေကို လိုအပ်သလို App ကနေ သတ်မှတ်ပေးနိုင်ပါတယ်။
Terra အလိုအလျောက် မြက်ရိတ်စက်ရုပ်ကို Bosh၊ Husqvarna စတဲ့ ကုမ္ပဏီတွေရဲ့ နယ်နမိတ်သတ်မှတ်ဝါယာကြိုးသုံး မြက်ရိတ်စက်တွေ ခေတ်စားတဲ့ ဂျာမနီနိုင်ငံမှာ စတင်ရောင်းချသွားမှာပါ။ အမေရိကန်မှာတော့ ၂၀၂၀ ခုနှစ်မှ စတင်ရောင်းချမယ်လို့ ဆိုပါတယ်။ ဈေးနှုန်းကိုတော့ မကြေညာရသေးပါဘူး။
Ref: The Verge, DailyMail