အင်္ဂလန်နိုင်ငံ၊ Gatwick လေဆိပ်ကနေ လေယာဉ်စီးမယ့် ခရီးသည်တွေအနေနဲ့ မကြာမီအ ချိန်အတွင်း စက်ရုပ်တွေနဲ့ ကားပါကင်ထိုးနိုင်တော့မှာ ဖြစ်ပါတယ်။
ဟိသရိုးလေဆိပ်ပြီးနောက် UK ရဲ့ ဒုတိယ အကြီးမားဆုံးဖြစ်တဲ့ ဂတ်ဝစ်(Gatwick) လေဆိပ်ဟာ ကားပါကင်နေရာလွတ် အရေအတွက် ပိုများလာစေဖို့ ရည်ရွယ်ချက်နဲ့ စက်ရုပ်က အလိုအလျောက် ကားပါကင်ထိုးပေးမယ့် စနစ်ကို စတင် အသုံးပြုသွားမှာ ဖြစ်ပါတယ်။
Gatwick လေဆိပ်နဲ့ စက်ရုပ်ကားပါကင်စနစ်တွေကို အကောင်အထည်ဖော်နေတဲ့ Stanley Robotics ကုမ္ပဏီတို့ ပူးပေါင်းကာ ယခုနည်းပညာသစ်ကို Gatwick လေဆိပ်မှာ လာမယ့် ဧပြီလကနေ သြဂုတ်လအတွင်း စမ်းသပ်သွားမှာပါ။ Stanley Robotics ဟာ လိုင်ယွန်လေဆိပ်က ကားပါကင်ထိုးစက်ရုပ်တွေကို ထုတ်လုပ်၊ ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီတခု ဖြစ်ပါတယ်။
Gatwick လေဆိပ် ကားပါကင်ကို လာတဲ့ ခရီးသည်တွေအနေနဲ့ မိမိတို့ မောင်းနှင်လာတဲ့ ကားကို ဂိုဒေါင်ပုံစံ အခန်းတခုထဲ မောင်းထည့်ပေးထားဖို့ပဲ လိုပါတယ်။ ပြီးရင်တော့ Stan ဆိုတဲ့ အလိုအလျောက် ပါကင်ထိုး စက်ရုပ် ရောက်ရှိလာကာ ဝန်ပင့်ယာဉ် (Forklift) အတိုင်း ကားအောက်ကို လက်တံပြားတခု ထိုးထည့်ကာ ကားပါကင်ဧရိယာထဲ သယ်ဆောင်သွားမှာ ဖြစ်ပါတယ်။
ကားပါကင်ထဲ ပါကင်ထိုးမယ့် ကိစ္စအဝဝကို စက်ရုပ်ကပဲ ဆောင်ရွက်ပေးသွားမှာပါ။ စက်ရုပ်တွေဟာ ခရီးသည်တွေရဲ့ ခရီးစဉ်မှတ်တမ်းကိုလည်း သိရှိနိုင်တဲ့အတွက် ခရီးသည်တွေ Gatwick လေဆိပ်ကို ပြန်လည် ရောက်ရှိလာတော့မယ်ဆိုရင် ကားကို ဂိုဒေါင်အခန်းထဲ အဆင်သင့် ပြန်ထုတ်ပေးထားမှာပါ။
စက်ရုပ်တွေကို ကားပါကင်ထိုးခိုင်းခြင်းဖြင့် ကားပါကင်နေရာလွတ်တွေ ပိုထွက်လာပြီး၊ ကားများများ ပိုဆံ့လာမှာ ဖြစ်တယ်လို့ သိရပါတယ်။ စက်ရုပ်သုံး အလိုအလျောက်ကားပါကင်ထိုးစနစ်ကို Gatwick လေဆိပ် ရဲ့ တောင်ဘက် အဆောက်အဦ ရက်ရှည် ကားပါကင်အတွင်းက Zone B မှာ စတင် စမ်းသပ်သွားမှာ ဖြစ်ပါတယ်။
လက်ရှိ ကားပါကင်နေရာလွတ် ၂,၃၅၀ ထဲက ကားပါကင်နေရာ ၁၇၀ ခုကို စက်ရုပ်ကားပါကင်ထိုးစနစ်သုံး ပါကင်နေရာ ၂၇၀ အဖြစ် ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ နေရာလွတ် ၁၀၀ လောက် ပိုထွက်လာမယ့် သဘောပါ။ စက်ရုပ်ကို ကားပါကင်သွားထိုးခိုင်းမယ့် စနစ်ကို စတင် အသုံးပြုပြီဆိုရင် ကားပါကင်နေရာလွတ် ၆,၀၀၀ ကျော်ကို ၈,၅၀၀ အထိ နေရာလွတ် တိုးမြှင့်နိုင်မှာ ဖြစ်တယ်လို့ Gatwick လေဆိပ်က ဆိုပါတယ်။
လူကိုယ်တိုင် ပါကင်ထိုးတာထက်စာရင် စက်ရုပ်တွေ ပါကင်ထိုးပေးတာဟာ ပိုမိုတိကျသလို ယာဉ်မောင်း ကားတံခါးဖွင့် ထွက်ဖို့ နေရာတောင် ချန်စရာမလိုတဲ့အတွက် အကျယ်အဝန်းတူ မြေနေရာထဲမှာတောင် ကားပါကင်နေရာ ပိုများများ ထွက်လာမှာ ဖြစ်ပါတယ်။ ယခုနည်းပညာ အောင်မြင်ခဲ့တယ်ဆိုရင် ဂတ်ဝစ်လေဆိပ်က ကားပါကင်အားလုံးမှာ ယခုစနစ် ပြောင်းလဲ အသုံးပြုသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
Ref: The Independent