အိန္ဒိယနိုင်ငံက ဆယ်ကျော်သက်တဦးဟာ PUBG Mobile ဂိမ်းဆော့ဖို့ ဖုန်းအသစ် ပူဆာတာ မရတဲ့အတွက် မိမိကိုယ်ကို ကြိုးဆွဲချ သတ်သေသွားတယ်လို့ Times of India သတင်းမီဒီယာမှာ ဖော်ပြ ပါရှိလာပါတယ်။
အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့၊ Kurla မြို့နယ်က အသက် ၁၈ နှစ်အရွယ်၊ ယောကျ်ားလေးတဦးဟာ PUBG Mobile ဂိမ်းဆော့ဖို့အတွက် ရူပီး ၃၇,၀၀၀ (မြန်မာငွေ ၈ သိန်းဝန်းကျင်) တန် မော်ဒယ်မြင့် စမတ်ဖုန်းတလုံး ဝယ်ပေးဖို့ မိသားစုဝင်တွေကို ပူဆာခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ မိသားစုဝင်တွေက သူတောင်းဆိုတာကို ငြင်းဆန်ခဲ့ပြီး၊ ရူပီး ၂၀,၀၀၀ (မြန်မာငွေ ၄ သိန်း) ကျော်တဲ့ ဖုန်းဆို ဝယ်ပေးမှာ မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။
မိသားစုနဲ့ ကတောက်ကဆဖြစ်ပြီး စိတ်ညစ်နေတဲ့ ဆယ်ကျော်သက်ကောင်လေးဟာ နောက်ဆုံးမှာတော့ ကြိုးတချောင်းယူကာ နေအိမ် မီးဖိုချောင်ထဲက မျက်နှာကျက် ပန်ကာမှာ ကြိုးဆွဲချ အဆုံးစီရင်ခဲ့တယ်လို့ သိရပါတယ်။ ယခုအမှုကို မတေ်ာတဆသေဆုံးမှုနဲ့ ရဲစခန်းမှာ အမှုဖွင့်ထားပြီး ဆက်လက် စုံစမ်းမှုတွေ ပြုလုပ်လျက်ရှိပါတယ်။
PUBG Mobile ဂိမ်းဟာ လူငယ်တွေအကြားမှာ လတ်တလော အကြီးအကျယ် ခေတ်စားနေတဲ့ အခမဲ့ အွန်လိုင်း မိုဘိုင်းဂိမ်းတခုပါ။ ကစားသမား အယောက် ၁၀၀ ထဲမှာ နောက်ဆုံး ကျန်ရစ်သူတဦးသာ အနိုင်ရရှိတဲ့ တိုက်ခိုက်ရေးဂိမ်း အမျိုးအစား Battle Royale ဂိမ်းတခု ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဂိမ်းဟာ စွဲလန်းစေတတ်ပြီး၊ ဂိမ်းကြောင့် ကျောင်းသားတွေရဲ့ စာမေးပွဲရလဒ်တွေ ကျဆင်းစေတဲ့ စွပ်စွဲချက်တွေနဲ့ အိန္ဒိယမှာ ပိတ်ပင်တားမြစ်ဖို့ တောင်းဆိုချက်တွေလည်း ထွက်ပေါ်နေပါတယ်။
လွန်ခဲ့တဲ့ ရက်ပိုင်းကတင် ၁၁ နှစ်အရွယ် ကျောင်းသားတဦးက PUBG ဂိမ်းဟာ အကြမ်းဖက်မှု၊ ရန်လိုမှုနဲ့ Cyber အနိုင်ကျင့်မှုတို့ကို အားပေးရာ ရောက်တာကြောင့် ပိတ်ပစ်တားမြစ်ပေးဖို့ မွန်ဘိုင်းအထက်တရားရုံးကို မိခင်ဖြစ်သူမှ တဆင့် တောင်းဆိုလွှာ ရေးသား တင်သွင်းခဲ့ပါတယ်။
Ref: Times of India, NDTV