Facebook Messenger မှာ ပို့ပြီးသား မက်ဆေ့တွေကို နှစ်ဖက်စလုံးမှာ ပြန်ဖျက်နိုင်တဲ့ ‘Unsend’ လုပ်ဆောင်ချက် ပါဝင်လာပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက နိုင်ငံအနည်းငယ်အတွက်ပဲ စတင် ထုတ်ပေးခဲ့ပြီး၊ ယနေ့မှာတော့ တကမ္ဘာလုံးက အသုံးပြုသူတိုင်းမှာ ရရှိလာတာပါ။
ပို့ပြီးသား မက်ဆေ့တခုကို နှစ်ဖက်စလုံးမှာ ပြန်ဖျက်နိုင်ဖို့ အချိန် ၁၀ မိနစ် ပေးထားပါတယ်။ Group Chat ထဲက မက်ဆေ့တွေလည်း ပြန်ဖျက်နိုင်မှာ ဖြစ်ပါတယ်။
CEO Mark Zuckerberg ပေးပို့ထားတဲ့ မက်ဆေ့တွေကို Facebook က နှစ်ဖက်စလုံးမှာ ပြန်ဖျက်ပစ်ခဲ့ပြီး၊ ၇ လအကြာမှာ ‘Unsend’ လုပ်ဆောင်ချက်ကို သာမန်အသုံးပြုသူတွေအတွက် စတင်စမ်းသပ် ထုတ်ပေးခဲ့ပါတယ်။ ယနေ့မှာတော့ Android, iOS နဲ့ Web ကနေ Messenger အသုံးပြုသူတိုင်း သုံးလို့ရပြီ ဖြစ်ပါတယ်။
တခြားလူတဦးကို မှားယွင်းပို့မိတဲ့ စကားတွေ၊ အရေးကြီးလျှို့ဝှက်စကားတွေကို Messenger မှာ ပြန်ဖျက်ချင်တယ်ဆိုရင် အရင်အတိုင်း ဖျက်လိုတဲ့ မက်ဆေ့ကို ခဏဖိထားလိုက်ပါ။ ဒီအခါ ‘Remove for Everyone’ နဲ့ ‘Remove for You’ ဆိုပြီး ပေါ်လာပါလိမ့်မယ်။ တဖက်လူတွေဆီမှာပါ မက်ဆေ့ပျက်သွားချင်တယ်ဆိုရင် ‘Remove for Everyone’ ကို ရွေးပေးလိုက်ရုံပါပဲ။ ၁၀ မိနစ်အတွင်းမှာပဲ ပြန်ဖျက်နိုင်တာ ဖြစ်ပြီး၊ ၁၀ မိနစ်ကျော်သွားရင်တော့ ကိုယ့်ဘက်မှာပဲ ဖျက်လို့ရတော့မှာပါ။ ဖျက်လိုက်တဲ့ မက်ဆေ့တွေကို အမှတ်အသား ပြထားမှာ ဖြစ်ပါတယ်။
စာသားမက်ဆေ့တွေ သာမက ဓာတ်ပုံ၊ ဗီဒီယို၊ အသံ၊ Links၊ GIF စသဖြင့် ပေးပို့လိုက်သမျှ အရာတိုင်းကို ပြန်ဖျက်လို့ ရပါတယ်။
မိမိ Messenger မှာ Unsend လုပ်ဆောင်ချက် မရရှိသေးဘူးဆိုရင် အရင်ဆုံး Messenger App ကို Update လုပ်ပေးပါ။ Update လုပ်ပြီးတာတောင် မရသေးဘူးဆိုရင်တော့ Settings>Applications ကနေ Messenger ကို ရွေးပြီး၊ Storage မှာ Clear Cache လုပ်ပေးလိုက်ပါ။ ဖုန်းကို Restart ချကြည့်ပါ။ ဒါဆိုရင်တော့ Unsend လုပ်ဆောင်ချက် စတင်အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။
Ref: The Verge