IT

စစ်ရေးလေ့ကျင့်မှုတွေမှာ ပကတိယောင် (Virtual Reality) နည်းပညာကို ဗြိတိန်စစ်တပ် အသုံးပြုမည်

မကြာမီအချိန်အတွင်း ဗြိတိသျှစစ်သားတွေဟာ ပကတိယောင် (Virtual Reality) နည်းပညာသုံး ခေါင်းစွပ်တွေနဲ့ ကြမ်းတမ်းခက်ခဲတဲ့ မြေပြင်၊ အန္တရာယ်များတဲ့ အခြေအနေတွေမှာ လေ့ကျင့်နိုင်တော့မှာ ဖြစ်ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာန (MOD) ဟာ ဆော့ဖ်ဝဲကုမ္ပဏီ Bohemia Interactive Simulations (BISim) နဲ့ ပကတိယောင်နည်းပညာသုံးစစ်ရေး လေ့ကျင့်မှု (VRLT) အစီအစဉ် စမ်းသပ်ဖို့အတွက် ပေါင် ၁ သန်းတန် စာချုပ် ချုပ်ဆိုလိုက်ပါတယ်။

ဈေးကွက်တွင်း ဝယ်ယူရရှိနိုင်တဲ့ Oculus Rift နဲ့ HTC Vive Pro လို VR ခေါင်းစွပ်တွေကို အသုံးပြုကာ VR ဟာ့ဒ်ဝဲတွေနဲ့ BISim ရဲ့ စစ်ရေးတုပမှုဆော့ဖ်ဝဲတွေကို စစ်ရေးလေ့ကျင့်မှု အခြေအနေတွေမှာ ကောင်းမွန်စွာ အသုံးချနိုင်မယ့် နည်းလမ်းတွေကို လေ့လာသွားမှာ ဖြစ်ကြောင်း BISim ရဲ့ UK အရောင်းဌာနမှုး Rusty Orwin က ပြောကြားခဲ့ပါတယ်။

VRLT စမ်းသပ်အစီအစဉ်မှာ အရည်အသွေးမြင့်ပုံရိပ်တွေကို ဖန်တီးပေးနိုင်တဲ့ VR ခေါင်းစွပ်တွေနဲ့ ပတ်ဝန်းကျင် အခြေအနေပုံစံအတုတွေကို ဖန်တီးလေ့ကျင့်နိုင်မှာပါ။ ညှပ်ပူးညှပ်ပိတ် ပစ်ခတ်ခံရမှု၊ လူအုပ်ထိန်းချုပ်မှုနဲ့ ရန်သူပြည့်နှက်နေတဲ့ အဆောက်အဦကို စီးနင်းမှု စတဲ့ အမှန်တကယ်လေ့ကျင့်ဖို့ ရှုပ်ထွေးခက်ခဲတဲ့ စစ်မြေပြင်အခြေအနေအမျိုးမျိုးကို VR ခေါင်းစွပ်တွေနဲ့ ဖန်တီး လေ့ကျင့်နိုင်ပါလိမ့်မယ်။

စစ်သားတွေအနေနဲ့ အပြင်က တကယ့် ပစ္စည်းတွေကို ထိတွေ့ကိုင်တွယ် လေ့ကျင့်နိုင်တဲ့ Mixed Reality နည်းပညာကိုလည်း ကောင်းမွန်စွာ အသုံးချနိုင်ရန် ဆက်လက်လေ့လာသွားမှာ ဖြစ်တယ်လို့ ဗြိတိန်စစ်တပ်က ဆိုပါတယ်။

ယခုစနစ်မှာ ကွန်ပျူတာပုံရိပ် (Avatar) တွေရဲ့ မျက်နှာ၊ ခန္ဓာကိုယ်ပုံစံတွေကိုလည်း စိတ်ကြိုက်ပြင်ဆင်နိုင်တဲ့အတွက် ရောင်းရင်းစစ်သည်တွေနဲ့ အတူ စစ်မြေပြင်အခြေအနေတခုတည်းမှာ တပ်ဖွဲ့လိုက် လေ့ကျင့်နိုင်မှာပါ။

ဒါ့အပြင် လေ့ကျင့်ရေးကို ပြန်လည် လေ့လာကြည့်ရှုလို့ရတဲ့အတွက် စစ်သားတွေအနေနဲ့ မိမိတို့ရဲ့ စွမ်းဆောင်ရည်ကို ကိုယ်တိုင်ကိုယ်ကျ လေ့လာကာ စွမ်းရည်တိုးတက်အောင် လေ့ကျင့်နိုင်မှာ ဖြစ်ပါတယ်။

BISim ကုမ္ပဏီကို သြစတြေးလျနိုင်ငံမှာ ၂၀၀၁ ခုနှစ်က ဖွဲ့စည်းခဲ့ပြီး၊ အမေရိကန်၊ UK၊ သြစတြေးလျ၊ ပိုလန်၊ ဂျာမနီနဲ့ ချက်သမ္မတနိုင်ငံတို့မှာ ဝန်ထမ်း ၂၅၀ ကျော် ခန့်အပ်ထားနိုင်ပြီး ဖြစ်ပါတယ်။ ကာကွယ်ရေးအဖွဲ့အစည်းပေါင်း ၅၀ ကျော်ဟာ BISim က ထုတ်လုပ်တဲ့ နည်းပညာတွေနဲ့ တပ်ဖွဲ့ဝင်တွေကို လေ့ကျင့်သင်ကြားပေးလျက်ရှိတယ်လို့ ကုမ္ပဏီက ဆိုပါတယ်။

MOD ရဲ့ လေ့ကျင့်ရေးဦးစီးချုပ် ဗိုလ်မှူးချုပ် Booby Walton-Knight CBE က “VR နည်းပညာဟာ စစ်သားတွေ ပို့ဆောင်ရေးကနေ လေ့ကျင့်ရေးကွင်းတွေ၊ စစ်လက်နက်ပစ္စည်းအတွက် ကုန်ကျစရိတ် မရှိတဲ့အတွက် ရေရှည်မှာလည်း စစ်တပ်အသုံးစရိတ်ကို သိသိသာသာလျှော့ချပေးနိုင်မှာ” လို့ ပြောကြားခဲ့ပါတယ်။

ယခု VRLT အစီအစဉ်ဟာ ရှေ့တန်းစစ်မျက်နှာမှာ နည်းပညာအသစ်တွေ ပေါင်းစပ်အသုံးချဖို့ ချထားပေးတဲ့ ဗြိတိန် ကာကွယ်ရေးဆန်းသစ်မှုရန်ပုံငွေ ပေါင် သန်း ၈၀၀ ထဲက တစိတ်တပိုင်းသာ ရှိပါသေးတယ်။ ဗြိတိန်တော်ဝင်လေတပ်ဟာ လွန်ခဲ့တဲ့နှစ်ကလည်း ရဟတ်ယာဉ်မှုးတွေကို တကယ့်အခြေအနေတွေမှာ လေ့ကျင့်နေရသည့်အလား ပုံဖော်၊ဖန်တီးပေးနိုင်တဲ့ ပေါင် ၅၃ သန်းတန် Chinook ရဟတ်ယာဉ် တုပစက် (Simulator) တခုကို ပြသခဲ့ပါတယ်။

ဒါ့အပြင် ဗြိတိန်တော်ဝင်ရေတပ်ကလည်း ရာသီဥတုအခြေအနေ အမျိုးမျိုးကို ပုံစံတူ ပြုလုပ်ပေးနိုင်တဲ့ Simulator တွေနဲ့ ရေတပ်အရာရှိတွေကို သဘောၤထိန်းချုပ်ရေးတွေ လေ့ကျင့်ပေးလျက် ရှိပါတယ်။

Ref: DailyMail, Army Technology

Loading