ဘောင်မဲ့ဖုန်းတွေ ခေတ်စားလာတာနဲ့အတူ ဖုန်းရှေ့ဘက်မျက်နှာပြင်ကို အပေါက်ဖောက်ပြီး ကင်မရာထားတဲ့ ဒီဇိုင်းတွေလည်း စတင် ခေတ်စားလာပြီလို့ ပြောလို့ရပါတယ်။ Samsung၊ Huawei နဲ့ Honor တို့က ထုတ်တဲ့ ဖုန်းတွေမှာ အဆိုပါ နည်းပညာကို တွေ့မြင်ခဲ့ရပြီး ဖြစ်ပါတယ်။ အခုဆို Xiaomi ကလည်း လိုက်ထုတ်တော့မှာပါ။
Xiaomi ဟာ ကင်မရာအပေါက်နှစ်ခုတွဲ ပါတဲ့ ဖုန်းဒီဇိုင်းတခုအတွက် ကမ္ဘာ့ ဉာဏမူပိုင်ခွင့်ရုံး (World Intellectual Property Office) ကနေ Xiaomi မူပိုင်ခွင့်ရရှိခဲ့တယ်လို့ သိရပါတယ်။
Xiaomi ရဲ့ ရှေ့ကင်မရာနှစ်ခု ဒီဇိုင်းကတော့ တခြားဖုန်းကုမ္ပဏီတွေနဲ့ နည်းနည်းကွဲပြားပါတယ်။ Galaxy S10+ မှာဆိုရင် Samsung က ဘဲဥပုံ အပေါက်အတွင်းမှာပဲ Selfie ကင်မရာနှစ်လုံးကို ထားဖို့ စီစဉ်နေပါတယ်။ Xiaomi ကတော့ ကင်မရာတလုံးချင်းစီအတွက် အပေါက်တပေါက်စီ ကပ်လျက် ထားရှိသွားမှာပါ။
ဒုတိယကင်မရာအပေါက်က အရန်ရှေ့ကင်မရာတလုံး ဒါမှမဟုတ်ရင် အချက်ပြမီး (Notification light) နဲ့ ဖုန်းအကွာအဝေးသိဆန်ဆာ (Proximity sensor) ထားဖို့အတွက် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် Xiaomi ရဲ့ ဒီဇိုင်းမူပိုင်ခွင့်ထဲမှာလည်း ဒီပုံစံတခုတည်းတော့ မဟုတ်ပါဘူး။ တဖက်တချက်စီမှာ အပေါက်ဖောက်ထားတဲ့ဒီဇိုင်း၊ ကင်မရာနှစ်လုံးကို တဖက်တည်းမှာ ထားထားတဲ့ ဒီဇိုင်း စတဲ့ မတူညီတဲ့ ဒီဇိုင်းပုံစံ ၂၄ ခုကို မြင်တွေ့ရပါတယ်။
ယခုဒီဇိုင်းအသစ်ဟာ Xiaomi ဘယ်ဖုန်းမှာ ပါလာမလဲဆိုတာကိုတော့ မသဲကွဲသေးပါဘူး။ Xiaomi ရဲ့ Mi MIX စီးရီးဟာ စခရင်အပြည့်ဒီဇိုင်းသစ်တွေ အမြဲသုံးနေကြ ဖုန်းစီးရီးဖြစ်တာကြောင့် Mi MIX မော်ဒယ်အသစ်မှာ ပါဝင်လာနိုင်ပါတယ်။
Mi MIX 3 မှာလည်း ရှေ့ကင်မရာနှစ်လုံး ပါတာဆိုတော့ Mi MIX 4 မှာလည်း ကင်မရာနှစ်လုံး ထပ်ထားပေးဖို့ Xiaomi က စဉ်းစားနေပုံ ပေါ်ပါတယ်။ Mi ဒါမှမဟုတ် Redmi မော်ဒယ်မြင့်ဖုန်းတလုံးမှာလည်း ပါလာနိုင်ဖွယ်ရှိပါတယ်။
Xiaomi ဟာ မကြာခင်ကျင်းပမယ့် Mobile World Congress (MWC) ပွဲမှာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကျရင် မီဒီယာမိတ်ဆက်ပွဲတခုလုပ်ဖို့ ရက်သတ်မှတ်ပြီး ဖြစ်ပါတယ်။ အဆိုပါပွဲမှာတော့ Mi MIX 3 5G Edition ဖုန်းနဲ့ ခေါက်ချိုးအသုံးပြုနိုင်တဲ့ ပထမဆုံး Xiaomi ဖုန်းတို့ကို မိတ်ဆက်မယ်လို့ သတင်းပြေးနေပါတယ်။
Ref: GSM Arena, GizmoChina