မကြာခင်ထွက်ရှိလာမယ့် မော်ဒယ်မြင့် ဖုန်းအသစ်အကြောင်းကို LG က တစွန်းတစ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဒီဖုန်းကို LG G8 ThinQ လို့ ခေါ်ဆိုမှာ ဖြစ်ပြီး၊ Apple Face ID နည်းတူ 3D ရှေ့ကင်မရာစနစ် ပါဝင်လာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
Apple ရဲ့ FaceID နည်းပညာမှာ အသုံးပြုထားတဲ့ TrueDepth ကင်မရာစနစ်က မျက်နှာကို အနီအောက်ရောင်ခြည် အစက်ပေါင်း ၃၀,၀၀၀ လောက် ထိုးပြီး၊ 3D မျက်နှာပုံစံဖော်တဲ့ စနစ်ဖြစ်ပါတယ်။ G8 ThinQ ဖုန်းရဲ့ ရှေ့ကင်မရာစနစ် မှာတော့ Time-of-flight (ToF) ဆန်ဆာကို အသုံးပြုသွားမှာပါ။
ToF ဆန်ဆာဟာ အရာဝတ္ထုတွေကို အနီအောက်ရောင်ခြည်ထိုးပြီး၊ ပြန်လာတဲ့အလင်းကို ဖမ်းကာ 3D ပုံရိပ်ဖော်ပေးတဲ့ ဆန်ဆာ တခု ဖြစ်ပါတယ်။ ဒီအတွက် ပိုမိုလုံခြုံစိတ်ချရတဲ့ မျက်နှာဖတ်စနစ် (Face Unlock) ကို ပေးစွမ်းနိုင်မှာ ဖြစ်သလို၊ ပါဝါအသုံးပြုမှုလည်း ပိုနည်းပါတယ်။
Selfie ပုံတွေ ရိုက်ကူးရာမှာလည်း နောက်ခံမြင်ကွင်းကို ပိုမိုတိကျသေသပ်စွာ ဝါးပေးနိုင်မှာပါ။ ဒါတင်မကပါဘူး။ အမျိုးမျိုးသော Augmented Reality (ပကတိပေါင်းစပ်) နည်းပညာသုံး အက်ပလီကေးရှင်းတွေမှာလည်း အသုံးချလာနိုင်မှာ ဖြစ်ပါတယ်။ LG G8 ThinQ က REAL3 ToF ပုံရိပ်ဖမ်းဆန်ဆာချစ်ပ်ကိုတော့ Infineon က ထုတ်လုပ်ပေးထားပါတယ်။
ဒါပေမဲ့ ToF ဆန်ဆာကို ဖုန်းမှာ ထည့်သွင်းတာဟာ LG အရင်ဆုံးတော့ မဟုတ်ပါဘူး။ Honor View 20 ရဲ့ ကျောကင်မရာမှာလည်း ToF ဆန်ဆာပါသလို၊ Vivo Nex Dual Display Edition ဖုန်းမှာလည်း ပါဝင်ပါတယ်။ Apple ကိုယ်တိုင်ကလည်း iPhone ရဲ့ ကျောကင်မရာမှာ ToF ဆန်ဆာ ထည့်ဖို့ စဉ်းစားနေတယ်လို့ သတင်းထွက်နေပါတယ်။
ဒါကြောင့် ToF ဆန်ဆာသုံး 3D ကင်မရာစနစ်ပါဝင်လာမယ့် ဖုန်းတွေကို ယခုနှစ်အတွင်း ပိုမိုမြင်တွေ့ရဖို့ ရှိပါတယ်။ LG G8 ThinQ စမတ်ဖုန်းကိုတော့ ယခုလအတွင်း စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့မှာ ကျင်းပမယ့် MWC 2019 ပွဲမှာ တရားဝင် မိတ်ဆက်ပြသသွားမှာ ဖြစ်ပါတယ်။
ဒီဖုန်းမှာ ToF ဆန်ဆာအပြင် ဖြုတ်တပ်နိုင်တဲ့ စခရင်အပိုတခုနဲ့ ထိတွေ့စရာ မလိုဘဲ လက်ဟန်အမူအရာနဲ့ ထိန်းချုပ်နိုင်မယ့် စနစ်တို့ ပါဝင်လာဖွယ်ရှိကြောင်း သတင်းပြေးနေပါတယ်။
Ref: The Verge, Engadget