အခိုးခံထားရတဲ့ စကားဝှက်တွေကို စစ်ဆေးပေးမယ့် Chrome Extension တခုကို Google ထုတ်ပေး
နည်းပညာခေတ်မှာ မိမိအကောင့်တွေကို လုံခြုံမှုရှိအောင် ထားဖို့ အရေးကြီးပါတယ်။ နည်းပညာနဲ့ ရင်းနှီးကျွမ်းဝင်သူ တော်တော်များများကတော့ အကောင့်ပေါင်းစုံအတွက် စကားဝှက်တခုထဲ မထားကြသလို၊ စကားဝှက်လည်း ခဏခဏ ပြောင်းကြပါတယ်။
ဒါပေမယ့် နည်းပညာနဲ့ ရင်းနှီးမှုမရှိသူတွေကတော့ စကားဝှက်တခုတည်းကိုပဲ အကောင့်အများအပြားမှာ မပြောင်းမလဲ အသုံးပြုနေကြပါတယ်။ အဆိုပါ အသုံးပြုသူတွေကို ကူညီပေးဖို့အတွက် Chrome extension တခုကို Google က ထုတ်ပေးလိုက်ပါတယ်။
Google ရဲ့ Chrome extension ဟာ အသုံးပြုသူအချက်အလက်ပေါက်ကြားမှုတွေထဲက Username၊ Passwords တွေနဲ့ သင့်စကားဝှက်တို့ကို တိုက်စစ်ဆေးပေးမှာ ဖြစ်ပါတယ်။ အကယ်၍ စကားဝှက် လုံခြုံမှု မရှိတော့ဘူးဆိုရင်တော့ ပြောင်းလဲဖို့ အကြံပေးသွားမှာပါ။
Password Checkup လို့ အမည်ပေးထားတဲ့ Google ရဲ့ Chrome extension အသစ်ကို Chrome Web Store ကနေ အသုံးပြုသူတိုင်း ယခု Link ကို နှိပ်ကာ (https://chrome.google.com/webstore/detail/password-checkup/pncabnpcffmalkkjpajodfhijclecjno) ရယူ နိုင်ပါပြီ။
Extension သွင်းပြီးပြီဆိုရင် မိမိ အသုံးပြုထားတဲ့ Login အချက်အလက်တွေကို လုံခြုံမှုရှိရဲ့လားဆိုတာ စစ်ဆေးနိုင်ပါတယ်။ Google က သိမ်းထားတဲ့ လုံခြုံမှုမရှိတော့တဲ့ Username ၊ Passwords ပေါင်း ၄ ဘီလျံနဲ့ တိုက်စစ်ဆေးကာ မိမိ အကောင့်အချက်အလက်တွေ ပါနေခဲ့ရင် သတိပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လုံခြုံမှုမရှိတော့တဲ့ Username ဒါမှမဟုတ် Password ကို ဖြည့်သွင်းလိုက်မယ်ဆိုရင်လည်း သတိပေးချက်ဝင်လာကာ စကားဝှက် ပြောင်းလဲခိုင်းမှာ ဖြစ်ပါတယ်။
Password Checkup ဟာ သင့်အကောင့်၊ စကားဝှက်နဲ့ အသုံးပြုတဲ့ စက်ပစ္စည်း အချက်အလက်တွေကို Google ဆီ ပြန်လည် ပေးပို့မှာ မဟုတ်တဲ့အတွက် မည်သူမှ သင့်အချက်အလက်တွေ သိနိုင်မှာ မဟုတ်ကြောင်း Google က ပြောကြားပါတယ်။
ဒါ့အပြင် မိမိ Google အကောင့်နဲ့ ဝင်ထားတဲ့ Apps တွေ၊ websites တွေကိုလည်း ပိုမိုလုံခြုံမှုရှိစေဖို့အတွက် Cross Account Protection ဆိုတဲ့ နည်းပညာတခုကိုလည်း ယနေ့ ထုတ်ပေးလိုက်ပါတယ်။
ဒီလုပ်ဆောင်ချက်ကို Apps တွေ၊ Websites တွေမှာ ထည့်သွင်းပြီးသွားတယ်ဆိုရင် Google အကောင့်တခု ပါသွားတာနဲ့ အဆိုပါအကောင့်နဲ့ ဝင်ရောက်ထားတဲ့ Apps တွေ၊ Websites တွေကို လှမ်းအကြောင်းကြားပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီအခါ Apps နဲ့ Websites တွေက သင့်အကောင့်ကို လုံခြုံမှု ရှိအောင် ဆောင်ရွက်ပေးထားနိုင်မှာပါ။
Ref: Gadgets NDTV, Google