မော်ဒယ်လတ် စမတ်ဖုန်းတွေကြားမှာ လူကြိုက်များတဲ့ Moto G စီးရီး အသစ် Moto G7 စမတ်ဖုန်းတွေ ထွက်ရှိလာပါပြီ။ Moto G7၊ Moto G7 Plus၊ Moto G7 Play နဲ့ Moto G7 Power ဆိုပြီး မော်ဒယ်သစ် ၄ ခုလုံးကို တပြိုင်တည်း မိတ်ဆက်လိုက်တာပါ။
Moto G7 ဖုန်းသစ် ၄ မျိုးစလုံးမှာ Notch ကိုယ်စီ ပါဝင်လာပြီး၊ Snapdragon 632 Chipset ကို အဓိက အသုံးပြုထားပါတယ်။ 3.5mm နားကြပ်ပေါက်၊ USB Type-C နဲ့ ကျောဘက် လက်ဗွေရာဆန်ဆာတို့ကိုလည်း မော်ဒယ် ၄ ခုစလုံးမှာ တွေ့မြင်ရမှာပါ။
Moto G7
G7 စီးရီးရဲ့ အဓိကစမတ်ဖုန်းကတော့ Moto G7 ဖြစ်ပါတယ်။ ရေစက်ပုံစံ Notch ပါတဲ့ ၆.၂ လက်မအရွယ် FHD+ LCD Display ကို 19:9 Aspect Ratio နဲ့ ဖြစ်ပါတယ်။ Snapdragon 632 Chipset ကို အသုံးပြုထားကာ 4GB RAM နဲ့ 64GB Storage တို့ ပါဝင်ပါတယ်။ microSD ကတ်ကနေလည်း 512GB အထိ ထပ်စိုက်နိုင်မှာပါ။
Moto G7 ရဲ့ Notch အတွင်းမှာတော့ 8-megapixel ကင်မရာကို တွေ့မြင်ရပါတယ်။ အမှောင်ထဲမှာ ဓာတ်ပုံရိုက်နိုင်ဖို့ အတွက် Screen အလင်းရောင်သုံး ဖလက်ရှ်မီး စနစ် ပါဝင်ပါတယ်။ ကျောကင်မရာကတော့ အပါချာ f/1.8 ကျယ်တဲ့ 12-megapixel ဆန်ဆာနဲ့ နောက်ခံဝါးတဲ့ Portrait ပုံတွေ ရိုက်ဖို့အတွက် 5-megapixel depth ဆန်ဆာတို့ ပါဝင်ပါတယ်။
ဘက်ထရီကတော့ 3,000mAh ဖြစ်ကာ၊ 15W TurboPower အားအမြန်သွင်းစနစ် အသုံးပြုနိုင်ပါတယ်။ ၉ နာရီ အသုံးခံတဲ့အားကို ၁၅ မိနစ်အတွင်း သွင်းနိုင်တယ်လို့ Motorola က ဆိုပါတယ်။ ဒါ့အပြင် ရေစက်မတင်နိုင်တဲ့ P2i နာနိုအလွှာလည်း သုတ်ပေးထားပါတယ်။ Moto G7 ဖုန်းကိုတော့ ယူရို ၂၅၀ နဲ့ ဥရောပနိုင်ငံတွေမှာ ဝယ်ယူရရှိနိုင်မှာပါ။
Moto G7 Power
Moto G7 Power ဖုန်းကတော့ ဘက်ထရီ ကြာကြာခံတဲ့ ဖုန်းလိုချင်သူတွေအတွက် ဖြစ်ပါတယ်။ ၆ ဒဿမ ၂ လက်မအရွယ် HD+ (1570×720 pixels) LCD Display ပါရှိပါတယ်။ ဒီဖုန်းမှာတော့ Notch က လေးထောင့်ပုံစံ ဖြစ်သွားပါတယ်။ Snapdragon 632 Chipset နဲ့ပဲ ဖြစ်ကာ၊ 3GB RAM နဲ့ 32GB Storage တို့ ပါဝင်မှာပါ။
ကြီးမားတဲ့ 5,000mAh ဘက်ထရီ ပါရှိပြီး၊ ၃ ရက်တိတိ အသုံးခံတယ်လို့ ဆိုပါတယ်။ 15W TurboPower အားအမြန်သွင်းစနစ်လည်း ပါဝင်ဦးမှာပါ။ ကျောကင်မရာကတော့ f/.20, 12-megapixel ဆန်ဆာတလုံးတည်း ဖြစ်သွားပါတယ်။ နောက်ခံမြင်ကွင်းကို ခွဲခြားပေးနိုင်တဲ့ Depth ဆန်ဆာ မပါဝင်တဲ့အတွက် ဆော့ဖ်ဝဲစနစ်နဲ့ဲပဲ Bokeh effect ပါတဲ့ Portrait ပုံတွေ ရိုက်ကူးနိုင်မှာပါ။ ရှေ့ကင်မရာက f/2.2, 8-megapixel ကင်မရာ ဖြစ်ပါတယ်။
Moto G7 Power ကိုတော့ Starry Black နဲ့ Deep Indigo အရောင်နှစ်မျိုး ထုတ်လုပ်မှာ ဖြစ်ကာ၊ ဈေးနှုန်းကတော့ ယူရို ၂၁၀ ဖြစ်ပါတယ်။
Moto G7 Play
ဒီဖုန်းကတော့ မော်ဒယ်အသစ် ၄ မျိုးထဲမှာ ဈေးအနည်းဆုံးနဲ့ အသေးဆုံးမော်ဒယ်ဖြစ်ပါတယ်။ ယူရို ၁၅၀ ပဲ ကျသင့်မှာပါ။ ၅ ဒဿမ ၇ လက်မအရွယ် HD+ LCD Display ပါရှိပြီး၊ Snapdragon 632 Chipset နဲ့ပဲ ဖြစ်ပါတယ်။ RAM ပမာဏတော့ ပိုနည်းသွားကာ 2GB RAM နဲ့ 32GB Storage တို့ သုံးပေးထားပါတယ်။ microSD ကတ်ကနေတော့ 512GB အထိ ထပ်စိုက်နိုင်မှာပါ။ ဘက်ထရီက G7 အတိုင်း 3,000mAh ဘက်ထရီဖြစ်ပေမယ့်၊ အားအမြန်သွင်းစနစ် မပါဝင်တော့ပါဘူး။
Moto G7 Play ရဲ့ လေးထောင့်ပုံစံ Notch အတွင်းမှာ 8MP ရှေ့ကင်မရာတလုံးနဲ့ သီးသန့် LED Flash မီးတို့ ပါဝင်ပါတယ်။ ကျောကင်မရာကတော့ f/2.0, 13MP ဆန်ဆာတလုံးတည်းပါ။ တန်ဖိုးနည်းဖုန်းဖြစ်ပေမယ့် တခြား Moto G7 ဖုန်းတွေလိုပဲ 4K ဗီဒီယိုတွေ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။
Moto G7 Plus
Moto G7 Plus ကတော့ အားလုံးထဲမှာ စွမ်းဆောင်ရည်အကောင်းဆုံးဖုန်း ဖြစ်ပါတယ်။ ဓာတ်ပုံရိုက်ကူးဖို့အတွက် အဓိကထုတ်လုပ်ထားတယ်လို့ ဆိုပါတယ်။ ကျောကင်မရာက အလင်းရောင်နည်းတဲ့အချိန်မှာတောင် ဓာတ်ပုံကောင်းကောင်းရိုက်ကူးဖို့အတွက် အပါချာ ကျယ်၊ pixel size ကြီးတဲ့ f/1.7, 16MP ဆန်ဆာကို သုံးပေးထားပါတယ်။
ဓာတ်ပုံရိုက်ကူးရာမှာ တုန်ခါမှုကြောင့် ပုံရိပ်ဝေဝါးမှုကို လျော့ချပေးမယ့် OIS နဲ့ ဗီဒီယိုရိုက်ကူးဖို့အတွက် EIS စနစ်တို့ ပါဝင်ပါတယ်။ နောက်ခံဝါးတဲ့ Portrait ပုံတွေ ရိုက်ကူးဖို့အတွက် 5MP depth ဆန်ဆာလည်း ကျောကင်မရာမှာ ပါဝင်မှာပါ။ 12MP ရှေ့ကင်မရာကနေလည်း Portrait နဲ့ Group Selfie ပုံတွေ ရိုက်ကူးနိုင်ပါတယ်။
G7 Plus မှာတော့ Snapdragon 636 ကို အသုံးပြုထားပြီး၊ 3GB RAM နဲ့ 64GB Storage တို့ ပါဝင်ပါတယ်။ microSD ကတ်လည်း ထပ်စိုက်နိုင်မှာပါ။ Stock Android 9 Pie နဲ့ ထွက်ရှိလာမှာ ဖြစ်ပါတယ်။
Moto G7 Plus ဟာ 27W TurboPower အားအမြန်သွင်းစနစ်အသစ် ပါဝင်လာတဲ့ ပထမဆုံး Motorola ဖုန်းလည်း ဖြစ်ပါတယ်။ ၁၂ နာရီ အသုံးခံမယ့် ဘက်ထရီအားကို ၁၅ မိနစ်အတွင်းမှာတင် သွင်းပေးနိုင်ပါတယ်။ QC4.0 နဲ့ USB PD3.0 စနစ်ရတဲ့ အားသွင်းခေါင်းတိုင်းနဲ့ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။
G7 Plus မှာလည်း ရေစက်ပုံစံ Notch ပါတဲ့ ၆.၂ လက်မ FHD+ LCD Display ကို အသုံးပြုထားပါတယ်။ G7 နည်းတူ Gorilla Glass အုပ်ပေးထားပါတယ်။ ဒါ့အပြင် Dolby Audio ရတဲ့ စတီရီယိုစပီကာနှစ်လုံး ပါရှိပြီး၊ Bluetooth 5 လည်း ပါဝင်လာမယ့် ဖုန်းဖြစ်ပါတယ်။ Moto G7 ဖုန်းဈေးနှုန်းကတော့ ယူရို ၃၀၀ ပါ။
Motorola က အသစ်မိတ်ဆက်လိုက်တဲ့ Moto G7 ဖုန်းမော်ဒယ် ၄ မျိုးစလုံးကို ဥရောပနိုင်ငံတွေမှာ ဖေဖော်ဝါရီလလယ်လောက်မှာ စတင်ဝယ်ယူနိုင်ပါလိမ့်မယ်။ ဘရာဇီးနဲ့ မက္ကဆီကို နိုင်ငံတွေမှာတော့ ယနေ့ စတင်ရောင်းချနေပြီလို့ သိရပါတယ်။
Ref: 9to5Google, GSM Arena