တရုတ်နှစ်သစ်ကူးပြီး တပတ်အကြာမှာ Vivo က iQOO အမည်ရ စမတ်ဖုန်း အမှတ်တံဆိပ်ခွဲ (Sub-brand) တခုကို မိတ်ဆက်လိုက်ပါတယ်။ ကုမ္ပဏီရဲ့ တရားဝင်ဝက်ဘ်ဆိုဒ်ကတော့ iqoo.com ဖြစ်ပြီး၊ ယခုလက်ရှိမှာတော့ Vivo နဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကိုပဲ ဖော်ပြထားတာ တွေ့ရမှာပါ။
Vivo ဟာ Huawei၊ ZTE၊ Xiaomi နဲ့ OPPO တို့ပြီးနောက် အမှတ်တံဆိပ်ခွဲတခုကို ထပ်မံထုတ်လုပ်မယ့် ပဉ္စမမြောက် တရုတ်စမတ်ဖုန်း ကုမ္ပဏီကြီးတခု ဖြစ်ပါတယ်။ Vivo ရဲ့ iQOO အမှတ်တံဆိပ်အသစ်နဲ့ ပတ်သက်ပြီး တိတိကျကျတော့ မသိရပါဘူး။ တန်ဖိုးပမာဏ ဒါမှမဟုတ် သုံးစွဲသူအမျိုးအစား တခုကို သီးသန့် ပစ်မှတ်ထား ရောင်းချမယ့်ဖုန်းတွေ ထုတ်လုပ်မယ့် အမှတ်တံဆိပ် ဖြစ်နိုင်ပါတယ်။
“နည်းပညာနဲ့ လူနေမှုဘဝ လုပ်ငန်းနယ်ပယ်မှာ Vivo ဟာ နောက်လိုက်အဖြစ်ကနေ ရှေ့ဆောင်လမ်းပြသူ တဦးအဖြစ် ဖွံ့ဖြိုးပြောင်းလဲလာခဲ့ပါတယ်။ ယခုအမှတ်တံဆိပ်အသစ်ဟာ နည်းပညာနဲ့ တီထွင်ဆန်းသစ်မှု နယ်ပယ်တွေမှာ Vivo ရဲ့ အခန်းကဏ္ဍကို ပြန်လည် သတ်မှတ်ဖော်ဆောင်ပေးမှာ ဖြစ်ပါတယ်”
“ဒါ့အပြင် Vivo ရဲ့ အများနဲ့မတူ တမူထူးခြားတဲ့ အသွင်ဒီဇိုင်းနဲ့ ဖန်တီးမှုဝိညာဉ်တို့ကို ပေါင်းစပ်ကာ တကမ္ဘာလုံးက ဝယ်ယူအသုံးပြုသူ လူငယ်များစွာကို ကျနော်တို့ အမှတ်တံဆိပ်ရဲ့ ခံယူချက်အမြင်အတိုင်း “သာမန်ထက် ထူးကဲမှုကို ခံစားနိုင်စေဖို့” လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်” လို့ Vivo ရဲ့ အကြီးတန်း ဒုဥက္ကဌ Spark Ni က ပြောကြားပါတယ်။
Vivo ရဲ့ iQOO ဖုန်းတွေဟာ Nubia ရဲ့ Red Magic ဖုန်းတွေလိုပဲ တန်ဖိုးကြီး Gaming ဖုန်းတွေ ဖြစ်လာနိုင်ပါတယ်။ တရုတ်လူမှုကွန်ရက် Weibo မှာ တင်ထားတဲ့ ကြော်ငြာဓာတ်ပုံကလည်း အနာဂတ်ဆန်ဆန် ဓာတ်ပုံတပုံ ဖြစ်တာကြောင့် 5G နဲ့ တရုတ်ယွမ် ၅,၀၀၀ ကျော် မော်ဒယ်မြင့် ဖုန်းတွေကို အဓိက ထုတ်လုပ်မယ်လို့ ယူဆရပါတယ်။
မကြာသေးခင်ကလည်း Vivo ရဲ့ ပြိုင်ဘက်စမတ်ဖုန်းကုမ္ပဏီတခုဖြစ်တဲ့ Xiaomi ဟာ Redmi Note 7 ဖုန်းနဲ့အတူ Redmi အမှတ်တံဆိပ်ကို ကုမ္ပဏီကနေ ခွဲထုတ်ထားပါတယ်။ ထို့အတူ OPPO ကလည်း Realme အမှတ်တံဆိပ်ခွဲနဲ့ စမတ်ဖုန်းတွေကို ထုတ်လုပ်ရောင်းချလျက် ရှိပါတယ်။
Ref: Gadgets NDTV, GSM Arena