Google Maps ဟာ ကိုယ်နဲ့ အကျွမ်းတဝင် မရှိတဲ့ မြို့နယ်၊ လမ်းမတွေကို လမ်းလျှောက်သွားလာရာမှာ တကယ့်ကို အထောက်အကူပြုတဲ့ App တခု ဖြစ်ပါတယ်။ ဒါပေမဲ့ Google ရဲ့ လမ်းညွှန်စနစ်ဟာ လူနေထူထပ်တဲ့ မြို့ပြအရပ်တွေမှာ တိကျမှုအပြည့်နဲ့ အလုပ်မလုပ်နိုင်ပါဘူး။ တခါတလေ Google Maps ထဲမှာ မိမိတည်နေရာ ပြထားတဲ့ အပြာရောင်အစက်နဲ့ ကိုယ်တကယ် အပြင်မှာ ရောက်နေတဲ့ နေရာနဲ့က ကွာခြားမှု ရှိနိုင်ပါတယ်။
မြင့်မားတဲ့ အဆောက်အဦတွေက GPS Signals တွေကို ပိတ်ဆို့မှု ရှိနိုင်သလို၊ မြို့ပြပတ်ဝန်းကျင်က သံလိုက်သတ္တိပါ သတ္တုပစ္စည်းတွေကလည်း ဖုန်းရဲ့ သံလိုက်အိမ်မြှောင်စနစ်ကို သက်ရောက်မှု ရှိစေနိုင်ပါတယ်။ ဒါပေမယ့် ဒီအခက်အခဲတွေကို Google က ပကတိပေါင်းစပ် (Augmented Reality) နည်းပညာနဲ့ ဖြေရှင်းပေးတော့မှာပါ။
Google ဟာ “Global Localization” လို့ အမည်ရတဲ့ AI စနစ်တခုကို ရှေ့ပြေးအဖြစ် စမ်းသပ်နေပါပြီ။ ဒီစနစ်ကို လွန်ခဲ့တဲ့ I/O ပွဲမှာ စတင် ပြသခဲ့တာ ဖြစ်ပြီး၊ ယနေ့မှာ အသုံးပြုသူ အနည်းငယ်ကို စတင် ထုတ်ပေးလိုက်တာပါ။
အမြင်အာရုံသုံး တည်နေရာ သတ်မှတ်စနစ် (Visual Positioning System -VPS) ၊ Google’s Street View နဲ့ Machine Learning နည်းပညာတွေကို ပေါင်းစပ် အသုံးပြုပြီး တိကျကောင်းမွန်တဲ့ မြေပုံလမ်းညွှန်ချက်တွေ ပေးစွမ်းနိုင်မယ့် စနစ်တခု ဖြစ်ပါတယ်။ အလုပ်လုပ်ပုံကတော့ လမ်းနာမည်တွေ၊ လမ်းညွှန်မြှားတွေကို ဖုန်းကင်မရာ Screen မှာ ဖော်ပြပေးမယ့် ပုံစံပါ။
Google Maps ကို ဖုန်းထဲက သာမန် 2D မြေပုံအဖြစ် အပြင် ပတ်ဝန်းကျင်မြင်ကွင်းတွေ ပါဝင်တဲ့ 3D မြေပုံအဖြစ်ပါ အလွယ်တကူ ပြောင်းလဲ အသုံးပြုနိုင်စေဖို့ ရည်ရွယ် ဖန်တီးထားတာ ဖြစ်တယ်လို့ Global Localization အတွက် အသုံးပြုသူအတွေ့အကြုံပိုင်းဆိုင်ရာ လုပ်ဆောင်ခဲ့သူ Rachel Inman က CNN ကို ပြောကြားပါတယ်။
Google Maps ရဲ့ AR လမ်းညွှန်စနစ်အသစ်နဲ့ San Francisco မြို့ပေါ် ပန်းခြံတခုကနေ ကော်ဖီဆိုင်တခုကို ခေါ်ပြသွားခဲ့ရာမှာ ရှေ့လာမယ့် လမ်းနာမည်ကအစ လမ်းလျှောက်ရမယ့် ကြာချိန်တို့ကိုပါ ဖုန်းကင်မရာမြင်ကွင်းမှာ မြင်တွေ့နေရတယ်လို့ CNN သတင်းထောက် Rachel Metz က ဆိုပါတယ်။ ကွေ့ရမယ့် နေရာတွေ ရောက်ရင်လည်း စခရင်မှာ မြှားတွေ ပေါ်လာသလို၊ သတ်မှတ်နေရာ ရောက်တဲ့အခါမှာလည်း ကြီးမားတဲ့ အနီရောင် မြှားတခုက အသင့်စောင့်ကြိုနေမှာပါ။
ကိုယ်နဲ့ စိမ်းတဲ့ မြို့ကြီးပြကြီးတခုခုကို ရောက်သွားတဲ့အခါ ဒီ AR စနစ်သစ်က တကယ့်ကို အသုံးဝင်မှာပါ။ လောလောဆယ်တော့ စမ်းသပ်ဆဲဖြစ်ပြီး Google Maps ကို ပါဝင်ကူညီပေးခဲ့တဲ့ အသုံးပြုသူ အနည်းငယ်ကိုပဲ စတင် ထုတ်ပေးထားတယ်လို့ သိရပါတယ်။ တကမ္ဘာလုံးက အသုံးပြုသူတွေထံ ရောက်ရှိဖို့တော့ စောင့်ရဦးမှာပါ။
Ref: Engadget, CNN