ပြီးခဲ့တဲ့ ဇန်နဝါရီလ အစောပိုင်းတုန်းက ကုဒ်နာမည် Cepheus နဲ့ Xiaomi Mi 9 စမတ်ဖုန်းကို စတင် မြင်တွေ့ခဲ့ရပါတယ်။ ယနေ့မှာတော့ Xiaomi ရဲ့ CEO လေကျွင်းက Mi 9 စမတ်ဖုန်းကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ မိတ်ဆက်မှာ ဖြစ်ကြောင်း လူမှုကွန်ရက်ကနေ တရားဝင် ကြေညာလိုက်ပါတယ်။
Xiaomi ရဲ့ Weibo အကောင့်ကလည်း တရုတ် ယောကျာ်းလေးအဆိုတော်အဖွဲ့ TFBoys က Roy Wang တယောက် Mi 9 စမတ်ဖုန်း ကိုင်ထားတဲ့ ကြော်ငြာဓာတ်ပုံကို ယနေ့ပဲ တင်လိုက်ပြန်ပါတယ်။
ဓာတ်ပုံအရ Xiaomi Mi 9 စမတ်ဖုန်းမှာ ကျောဘက်ကင်မရာ ၃ လုံးကို ဒေါင်လိုက် တပ်ဆင်ထားတာ တွေ့မြင်ရမှာပါ။ ကင်မရာ ၃ လုံးမှာ ထိပ်ဆုံး Lens ကို အရောင်ပါတဲ့ မှန်သားနဲ့ အလှဆင် ထားပါတယ်။ LED မီးလည်း ဖြစ်နိုင်ပါတယ်။ နောက်ထပ် LED Flash မီးကိုတော့ ကင်မရာ ၃ လုံးတွဲရဲ့ အောက်ဘက် ကပ်လျက်မှာ တွေ့မြင်ရမှာပါ။ ဒါ့အပြင် ဖုန်းရဲ့ ဘယ်ဘက်ခြမ်းမှာလည်း သီးသန့်ခလုတ်တခုကို တွေ့မြင်ရပြီး၊ Smart Assistant Xiaoai ကို ခေါ်သုံးနိုင်မယ့် ခလုတ် ဖြစ်နိုင်ပါတယ်။
လေကျွင်းကလည်း Mi 9 စမတ်ဖုန်းဟာ Redmi Note 7 ရဲ့ 18W အားအမြန်သွင်းစနစ်ထက် ပိုမို မြန်ဆန်မှာ ဖြစ်တယ်လို့ ပြောကြားထားပါတယ်။ တရုတ်မှတ်ပုံတင်ရုံး (3C) ရဲ့ စာရင်းဇယားတခုအရ 27W အားအမြန်သွင်းစနစ်ပါလာမယ်လို့ သိထားရပါတယ်။
ဒါ့အပြင် Mi 9 စမတ်ဖုန်းမှာ x24 modem နဲ့ Snapdragon 855 ၊ မျက်နှာပြင်အောက်လက်ဗွေဖတ်စနစ်တို့ အပြင် အနည်းဆုံး 6GB RAM နဲ့ 128GB Storage တို့ ပါဝင်လာဖွယ် ရှိနေပါတယ်။ ဈေးနှုန်းကတော့ အနည်းဆုံး ဒေါ်လာ ၄၀၀ ကျော် ရှိမှာပါ။
Xiaomi Mi 9 မိတ်ဆက်မယ့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ Samsung ကုမ္ပဏီကလည်း Galaxy S10 စီးရီးကို မိတ်ဆက်သွားမှာပါ။ Mi 9 ကိုတော့ တရုတ်နိုင်ငံမှာ မိတ်ဆက်မှာဖြစ်ပြီး၊ Galaxy Unpacked ပွဲကိုတော့ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကို မြို့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
Ref: GSM Arena, XDA Developers