အပေါ့ပါးဆုံး Samsung Tablet ဖြစ်လာတဲ့ Galaxy Tab S5e ကို မိတ်ဆက်
တကမ္ဘာလုံး Tablet ရောင်းအား ကျဆင်းနေပေမယ့် Samsung က Tablet အသစ်တလုံးကို ထပ်မံ မိတ်ဆက်လိုက်ပါတယ်။ Galaxy Tab S5e လို့ အမည်ရပြီး ၃၉၉ ဒေါ်လာ နဲ့ ရောင်းချသွားမှာပါ။ ၆၄၉ ဒေါ်လာ ဈေးရှိတဲ့ Galaxy Tab S4 ထက် ဒေါ်လာ ၂၅၀ လောက် ဈေးပို သက်သာပေမယ့် တချို့နေရာတွေမှာ Tab S4 ထက် ပိုမို သာလွန်ကောင်းမွန်မှု ရှိလာပါတယ်။
Galaxy Tab S5e ရဲ့ သတ္တုကိုယ်ထည်ဟာ Samsung ထုတ်ဖူးသမျှ Galaxy Tab Tablet တွေမှာ အပေါ့ဆုံးနဲ့ အပါးဆုံး ဖြစ်ပါတယ်။ အထူအားဖြင့် ၅.၅ မီလီမီတာသာ ရှိကာ အလေးချိန်ကလည်း ၄၀၀ ဂရမ်ပဲ ရှိပါတယ်။ ၅.၉ မီလီမီတာအထူ၊ ၄၆၈ ဂရမ် အလေးချိန်ရှိတဲ့ ၁၁ လက်မ iPad Pro ထက် ပိုမို ပါးလျ၊ ပေါ့ပါး ပါတယ်။
Tab S5e မှာ ကိုယ်ထည်နဲ့ စခရင် အချိုးအစားကို တတ်နိုင်သမျှ အများဆုံးဖြစ်အောင် ဒီဇိုင်းဆွဲထုတ်လုပ်ထားတယ်လို့ Samsung က ပြောပါတယ်။ Galaxy Tab S4 က စခရင်နဲ့ ကိုယ်ထည် အချိုးအစား ၇၉ ရာခိုင်နှုန်း ရှိခဲ့ပြီး၊ Tab S5e မှာတော့ ၈၁.၈ ရာခိုင်နှုန်းအထိ ရှိလာပါတယ်။ ၁၁ လက်မ iPad Pro ရဲ့ ၈၂.၉ ရာခိုင်နှုန်းနဲ့ သိပ်မကွာတော့ပါဘူး။

Samsung ဟာ ဒီ Tablet ကို အသုံးပြုသူလူတန်းစားအစုံ ဝယ်ယူနိုင်အောင် ရည်ရွယ် ထုတ်လုပ်ထားပေမယ့်၊ အရည်အသွေးကိုတော့ သိပ်မလျှော့ချထားပါတယ်။ ၁၀.၅ လက်မ Super AMOLED Display ကို 2560 x 1600 pixels ရုပ်ထွက်အရည်အသွေးနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပြီး၊ စွမ်းဆောင်ရည် အလတ်အလတ်တန်းစား Snapdragon 670 ပရိုဆက်ဆာကိုလည်း သုံးပေးထားပါတယ်။ ၁၄.၅ နာရီလောက် ဘက်ထရီအသုံးခံမယ်လို့ ကုမ္ပဏီက ဆိုပါတယ်။
Tab S5e ဟာ နောက်ဆုံး Android စနစ် Pie ပါဝင်လာတဲ့ ပထမဆုံး Samsung Tablet လည်း ဖြစ်ပါတယ်။ ဒါ့အပြင် Bixby 2.0 virtual assistant အသစ်လည်း ပါဝင်လာကာ၊ စားပွဲတင်ကွန်ပျူတာလို အသုံးပြုနိုင်တဲ့ Dex လည်း Tab S5e မှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ပုံဆွဲ၊ နုတ်ရေးဖို့အတွက် S Pen တော့ မပါဝင်လာတော့ပါဘူး။
Tablet တွေဟာ ဖျော်ဖြေရေးသီးသန့်သုံး ပစ္စည်းတွေ ဖြစ်တာကြောင့် အသံအရည်အသွေးကလည်း အရေးကြီးပါတယ်။ ဒီ့အတွက် Tab S5e မှာ AKG က ချိန်ညှိပေးထားတဲ့ ပတ်လည်အသံပြေးစနစ်ပါ စပီကာလေးလုံး ပါရှိပါတယ်။ ဒေတာတွေ သိမ်းဆည်းဖို့အတွက်လည်း 64GB Storage ပါရှိာ၊ microSD ကတ်ကနေလည်း 512GB အထိ ထပ်စိုက်နိုင်မှာပါ။ 4GB RAM ပမာဏက Apps အားလုံး အသုံးပြုဖို့အတွက် လုံလောက်ပါတယ်။ ဒီ့ထက် ပိုများတာလိုချင်တဲ့သူတွေအတွက် 6GB RAM/128GB Storage မော်ဒယ်လည်း ထုတ်ပေးဦးမှာပါ။ အဆိုပါမော်ဒယ်အတွက် ဈေးကိုတော့ မကြေညာရသေးပါဘူး။
ကင်မရာပိုင်းအတွက်တော့ Tab S5e မှာ 13-megapixel ကျောကင်မရာတလုံးနဲ့ 8-megapixel ရှေ့ကင်မရာ တလုံးပါဝင်ပါတယ်။ 4K ရုပ်ထွက်အရည်အသွေးရှိတဲ့ ဗီဒီယိုတွေကို 30fps နဲ့ ရိုက်ကူးနိုင်မှာပါ။
4GB/64GB မော်ဒယ် Galaxy Tab S5e Wi-Fi မော်ဒယ် ကို ၃၉၉ ဒေါ်လာနဲ့ ၂၀၁၉ ခုနှစ်၊ ဒုတိယသုံးလပတ်မှာ စတင်ရောင်းချသွားမှာပါ။ အနက်ရောင်၊ အညိုရောင်နဲ့ အထူးထုတ် ရွှေရောင် ဆိုပြီး အရောင်သုံးမျိုး ထုတ်သွားမှာဖြစ်ကာ၊ Samsung ဝက်ဘ်ဆိုဒ်နဲ့ တခြား နာမည်ကြီးလက်လီအရောင်းဆိုင်တွေကနေ ရောင်းချသွားမယ်လို့ သိရပါတယ်။ SIM ကတ် ထည့်သုံးနိုင်မယ့် ဆယ်လူလာမော်ဒယ်ကိုလည်း ယခုနှစ်နှောင်းပိုင်းအတွင်း ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။
Ref: The Verge