IT

လက်မှာ ပတ်ထားနိုင်တဲ့ ခေါက်ချိုးဖုန်းတလုံးကို TCL ဖန်တီးနေ

Want create site? Find Free WordPress Themes and plugins.

ခေါက်ချိုးအသုံးပြုနိုင်တဲ့ ဖုန်းတွေ၊ တက်ဘလက်တွေ ထုတ်ဖို့ အီလက်ထရောနစ်ကုမ္ပဏီကြီးတွေ တော်တော်များများ တာစူနေကြပါပြီ။ အဆိုပါကုမ္ပဏီတွေထဲမှာ တန်ဖိုးနည်း တီဗီတွေကြောင့် နာမည်ကြီးတဲ့ TCL ကုမ္ပဏီလည်း ပါဝင်ပါတယ်။

တီဗီတွေသာမက BlackBerry Mobile နဲ့ Alcatel အမှတ်တံဆိပ် ဖုန်းတွေပါ ထုတ်လုပ်နေတဲ့ တရုတ်အခြေစိုက် TCL ကုမ္ပဏီဟာ မျက်နှာပြင် အပျော့ ပါဝင်တဲ့ အနည်းဆုံး ထုတ်ကုန်ငါးမျိုးကို ဖန်တီးဖို့ လုပ်ဆောင်လျက် ရှိပါတယ်။ CNET က ရရှိခဲ့တဲ့ TCL ပိုင် ဒီဇိုင်းနဲ့ မူပိုင်ခွင့်ပုံတွေအရ တက်ဘလက်နှစ်လုံး၊ စမတ်ဖုန်းနှစ်လုံးနဲ့ စမတ်နာရီလိုပါ ဝတ်ဆင်နိုင်တဲ့ ဖုန်းအပျော့တမျိုးကို ထုတ်ဖို့ ကြိုးစားနေတာ တွေ့မြင်ရပါတယ်။

TCL က ထုတ်မယ့် တက်ဘလက်နှစ်လုံးမှာ တလုံးက မျက်နှာပြင်ကို ကိုယ်ထည် အတွင်းဘက် ချိုးချနိုင်တဲ့ ဒီဇိုင်းဖြစ်ပြီး၊ နောက်တလုံးကတော့ Royole Flexpai ဖုန်းလို အပြင်ကို ချိုးချနိုင်တဲ့ မျက်နှာပြင် ဒီဇိုင်းနဲ့ ဖြစ်ပါတယ်။ စမတ်ဖုန်းနှစ်မျိုးကလည်း အလားတူ အတွင်း၊ အပြင် ချိုးချ နိုင်တဲ့ ဒီဇိုင်းနဲ့ပါ။ အားလုံးထဲမှာ စိတ်ဝင်စားစရာ အကောင်းဆုံးက နောက်ဆုံး စမတ်ဖုန်းဖြစ်ပါတယ်။ ကိုယ်ထည် ရှည်လျား၊ ပါးလျ ပုံပေါက်တဲ့ အဆိုပါဖုန်းကိုတော့ လက်ပတ်နာရီတလုံးလိုပါ လက်ကောက်ဝတ်မှာ ကွေးညွတ် ပတ်ထားနိုင်မှာပါ။

TCL ရဲ့ ယခု ခေါက်ချိုးဖုန်းဒီဇိုင်းတွေဟာ ကနဦးဒီဇိုင်းအဆင့်မှာပဲ ရှိသေးတဲ့အတွက် အမှန်တကယ် ထွက်ရှိလာဖို့ကတော့ မသေချာသေးပါဘူး။ ဒီဇိုင်းပြောင်းလဲမှုတွေ ရှိနိုင်သလို၊ ဒီပရောဂျက်ကို လုံးဝ စွန့်ပစ်လိုက်တာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။

TCL ၏ စမတ်ဖုန်း တဖြစ်လဲ စမတ်လက်ပတ်နာရီ မူပိုင်ခွင့် ဒီဇိုင်းကို တွေ့မြင်ရစဉ်

ဒါပေမယ့် TCL ရဲ့ အမှုဆောင်အရာရှိချုပ်တဦးကတော့ ကုမ္ပဏီရဲ့ ပထမဆုံး ခေါက်ချိုးဖုန်းတမျိုးကို ၂၀၂၀ ခုနှစ်မှာ ထုတ်ဖို့ ရှိတယ်လို့ CNET ကို လွန်ခဲ့တဲ့လက ပြောကြားခဲ့ဖူးပါတယ်။

ခေါက်ချိုးနည်းပညာအသစ်ဟာ စမတ်ဖုန်းတွေ သာမက ဝတ်ဆင်နိုင်တဲ့ Wearables ပစ္စည်းတွေ၊ အိမ်သုံံးအီလက်ထရောနစ်ပစ္စည်းတွေနဲ့ တီဗီ စတဲ့ အခြား ထုတ်ကုန်ပစ္စည်းတွေကိုပါ အကျိုးကျေးဇူး ဖြစ်ထွန်းစေမယ်လို့ TCL ရဲ့ တကမ္ဘာလုံးဆိုင်ရာမားကတ်တင်းဌာန အထွေထွေမန်နေဂျာ Stefan Streit က CES ပွဲအင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။

ခေါက်ချိုးအသုံးပြုနိုင်တဲ့ ဖုန်းတွေဟာ ဖုန်းဒီဇိုင်းအရ ကြီးမားတိုးတက်တဲ့ ပြောင်းလဲမှုတခု ဖြစ်လာမှာပါ။ မော်ဒယ်သစ်တွေ တမျိုးပြီး တမျိုး ထွက်နေပေမယ့် ထူးထူးခြားခြား ပြောင်းလဲဆန်းသစ်မှု ကင်းမဲ့လာတဲ့ ဖုန်းဈေးကွက်ကို လူတွေ ပြန်စိတ်ဝင်စားလာစေမယ့် ပြောင်းလဲမှု တခုလည်း ဖြစ်လာဖို့ ရှိပါတယ်။ ခေါက်ချိုးအသုံးပြုနိုင်တဲ့ ဖုန်းတွေ၊ တက်ဘလက်တွေဟာ လူတွေရဲ့ အီလက်ထရောနစ်ပစ္စည်း ကိုင်တွယ်အသုံးပြုမှုပုံစံကို တခေတ် ပြန်ဆန်းစေနိုင်မှာပါ။

Ref: Cnet

Did you find apk for android? You can find new Free Android Games and apps.
Loading