ပထမဆုံး Blu-ray စက်ကို လွန်ခဲ့တဲ့ ၁၃ နှစ်က စတင် ထုတ်ပေးခဲ့တဲ့ Samsung ဟာ ယနေ့မှာတော့ အမေရိကန် Blu-ray ဈေးကွက်ကနေ ထွက်ခွာပြီ ဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။ နောက်ထပ် Blu-ray စက်အသစ်တွေ ထုတ်တော့မှာ မဟုတ်တော့ဘူးလို့ ပြောကြားလိုက်ပါတယ်။
OPPO Digital က Blu-ray စက်အသစ်တွေ ဆက်ထုတ်တော့မှာမဟုတ်ကြောင်း ကြေညာခဲ့ပြီး၊ တနှစ်ခန့်အကြာမှာ Samsung ကလည်း အလားတူ ကြေညာလိုက်တာပါ။ Cnet ရဲ့ ပြောကြားချက်အရ Samsung ဟာ အမေရိကန်ဈေးကွက်အတွက် 1080p ကော 4K UHD Blu-ray စက်အသစ်တွေ ဆက်ထုတ်တော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။ တခြားဈေးကွက်တွေအတွက် မပြောခဲ့ပေမယ့် ဆက်မထုတ်တော့ဖို့ များပါတယ်။
Samsung ဟာ ၂၀၁၇ ခုနှစ်တုန်းက Blu-ray စက်အသစ်တလုံးကို မိတ်ဆက်ခဲ့ပြီးနောက်မှာ နောက်ထပ် စက်အသစ်တွေအကြောင်း အချိန်ကြာကြာ နှုတ်ဆိတ်နေခဲ့ပါတယ်။ ယခုနှစ်အတွင်း Blu-ray စက်မော်ဒယ်သစ်ထုတ်ဖို့ ရှိတယ်ဆိုပြီး သတင်းတွေ ထွက်ခဲ့ပေမယ့် ယခုတော့ အစီအစဉ် ဖျက်လိုက်တာပါ။
အင်တာနက်ကနေ တိုက်ရိုက်ကြည့်ရှုနိုင်တဲ့ Streaming ဝန်ဆောင်မှုတွေ ခေတ်စားလာချိန်မှာ အမေရိကန်ပြည်ထောင်စု အတွင်း Blu-ray အခွေရောင်းချရမှုဟာ အခွေပေါင်းစုံရောင်းချရမှုရဲ့ ၅.၃ ရာခိုင်နှုန်းသာ ရှိခဲ့ကြောင်း မကြာသေးခင်က လေ့လာချက်မှာ ဖော်ပြခဲ့ပါတယ်။ DVD ကတော့ ယခုအချိန်ထိ ၅၇.၉ ရာခိုင်နှုန်း သိမ်းပိုက်ထားနိုင်ဆဲပါ။
Toshiba ဦးဆောင်တဲ့ HD DVD format နဲ့ Blu-ray တို့ တိုက်ပွဲအကြားမှာ Sony ဦးဆောင်ပြီး၊ Samsung၊ Panasonic တို့လို ကုမ္ပဏီကြီးတွေ ကျောထောက်နောက်ခံပြုထားတဲ့ Blu-ray က အားသာမှု ရယူနိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ Blu-ray ဟာ 1080p နဲ့ 4K ဗီဒီယိုခွေတွေရဲ့ အကောင်းဆုံး စံနှုန်းတခုအထိ ဖြစ်လာခဲ့ပါတယ်။ PS3 နဲ့ PS4 စက်တွေမှာ Blu-ray ဖွင့်နိုင်စွမ်းတွေ ထည့်ပေးခဲ့တဲ့ Sony ရဲ့ လုပ်ဆောင်ချက်ကလည်း Blu-ray ကို အိမ်ထောင်စုတွေဆီ ပိုမိုရောက်ရှိစေခဲ့တာပါ။
ဒါပေမယ့် Streaming ဝန်ဆောင်မှုတွေ ပေါ်ပေါက်လာပြီး၊ 4K ဗီဒီယိုတွေကို အရည်အသွေးပိုင်း သိသိသာသာ ကွာခြားမှုမရှိဘဲ Blu-ray အခွေ ဝယ်ကြည့်တာထက် သက်သာတဲ့ ဈေးနှုန်းနဲ့ ကြည့်လာနိုင်တာကြောင့် Blu-ray ခေတ် တဖြည်းဖြည်း ကုန်ဆုံးလာတာလို့ ဆိုရင် မမှားပါဘူး။
Apple နဲ့ Google တို့ကလည်း 4K ရုပ်ရှင်ကားတွေကို 1080p HD ဈေးနှုန်းနဲ့တင် ရောင်းချပေးလာကြပါတယ်။ Google ဆိုရင် ဝယ်ပြီးသား HD ရုပ်ရှင်တွေကို 4K အဖြစ် အခမဲ့ အဆင့်မြှင့်တင်ပေးမှုတွေပါ လုပ်ပေးထားပါတယ်။ ဒါ့အပြင် Roku လို 4K Streaming လုပ်နိုင်တဲ့ Device တွေ ဈေးသက်သာလာတာကလည်း Blu-ray စက်တွေရဲ့ ကျဆုံးခန်းကို ဦးတည်လာစေတဲ့ အကြောင်းအရာတွေ ဖြစ်ပါတယ်။
Ref: TechSpot, The Verge