IT

5G ကွန်ရက်မှာ Huawei ကို အပြီးတိုင် ပိတ်ပင်စရာ မလိုကြောင်း ဗြိတိန် ဆို

Want create site? Find Free WordPress Themes and plugins.

ကမ္ဘာတလွှား မြန်နှုန်းမြင့် 5G ကွန်ရက် ဖော်ဆောင်ရာမှာ Huawei နည်းပညာတွေ မသုံးကြဖို့ အမေရိကန်ရဲ့ စည်းရုံးရေးအစီအစဉ်မှာ UK က အတားအဆီးတခု ဖြစ်လာနိုင်ပါတယ်။

UK ထောက်လှမ်းရေးအဖွဲ့အစည်းတခုဖြစ်တဲ့ အမျိုးသားဆိုက်ဘာလုံခြုံရေးစင်တာ (National Cyber Security Centre) က မျိုးဆက်သစ် ကြိုးမဲ့ကွန်ရက်တွေ တည်ဆောက်ရာမှာ Huawei ပစ္စည်းတွေကို အပြီးတိုင် ပိတ်ပင်တားမြစ်စရာမလိုဘဲ၊ ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်တွေကို ကန့်သတ်တားဆီးနိုင်တဲ့ နည်းလမ်းတွေရှိကြောင်း သုံးသပ်ပြောကြားခဲ့တယ်လို့ Financial Times သတင်းတပုဒ်မှာ ဖော်ပြပါရှိပါတယ်။

U.K အမျိုးသား လုံခြုံရေးအင်ဂျင်စီဟာ နိုင်ငံတွင်း 5G ကွန်ရက် ဖော်ဆောင်ရာမှာ အော်ပရေတာတွေ အသုံးပြုမယ့် နည်းပညာအပေါ် အစိုးရရဲ့ လေ့လာဆန်းစစ်မှုမှာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေပါတယ်။ အမျိုးသားလုံခြုံရေးအင်ဂျင်စီရဲ့ သုံးသပ်ချက်ကို U.K အစိုးရရဲ့ Huawei နည်းပညာအန္တရာယ် လေ့လာဆန်းစစ်မှုမှာ ထည့်သွင်းစဉ်းစားသွားမှာပါ။

အမေရိကန်အစိုးရကတော့ ကမ္ဘာ့အကြီးဆုံး ဆက်သွယ်ရေးပစ္စည်းထုတ်လုပ်သူ ကုမ္ပဏီတခုဖြစ်တဲ့ Huawei ရဲ့ နည်းပညာကို တရုတ်အစိုးရက သူလျှိလုပ်ငန်းအတွက် အသုံးချနိုင်ကြောင်း စွပ်စွဲချက်နဲ့ ပိတ်ပင်တားမြစ်ဖို့ တွန်းအားပေး ဆောင်ရွက်လျက် ရှိပါတယ်။

သြစတြေးလျ၊ နယူးဇီလန် နိုင်ငံတွေကလည်း 5G ကွန်ရက် ဖော်ဆောင်ရာမှာ Huawei နည်းပညာ မသုံးဖို့အတွက် ဆက်သွယ်ရေးကုမ္ပဏီတွေကို ပိတ်ပင်ထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် UK အစိုးရ အပါအဝင် အခြားနိုင်ငံတကာအစိုးရ တွေကတော့ Huawei နဲ့ ပတ်သတ်တဲ့ အခြေအနေတွေကို လေ့လာစစ်ဆေးနေကြပါတယ်။

Huawei က ကုမ္ပဏီရဲ့ နည်းပညာပစ္စည်းတွေဟာ လုံခြုံရေးပြဿနာမရှိဘဲ တရုတ်အစိုးရကို အခွန်ကလွဲလို့ ဘာမှ မပေးကြောင်း အစွမ်းကုန်ငြင်းချက်ထုတ်ထားပါတယ်။ ဒါ့အပြင် 5G ကွန်ရက်မှာ Huawei ကို ပယ်ထုတ်ဖို့ လုပ်ဆောင်နေတာဟာ နိုင်ငံရေးပြဿနာတွေကြောင့် ဖြစ်ပေါ်လာတဲ့ အဆင်အခြင်မဲ့ဆုံးဖြတ်ချက်တွေ ဖြစ်ကြောင်း ဝေဖန်ထားပါတယ်။

ဒါ့အပြင် ဈေးကွက်နယ်ပယ်အတွင်းက အမှုဆောင်အရာရှိချုပ်တွေနဲ့ လေ့လာရေးပညာရှင်တွေကလည်း 5G နည်းပညာ ဖော်ဆောင်ရာမှာ Huawei ဟာ ပြိုင်ဘက်တွေထက် သာလွန်မှုရှိနေတဲ့ ကုမ္ပဏီ ဖြစ်တာကြောင့် အမေရိကန်ရဲ့ Huawei အန္တရာယ် အကြောင်းပြ ဖိအားပေးမှုတွေဟာ အဓိက ဈေးကွက်တွေအတွင်း 5G ကွန်ရက် ဖော်ဆောင်မှုကို နှောင့်နှေးစေနိုင်မယ်လို့ ပြောကြားထားကြပါတယ်။

Financial Times ရဲ့ သတင်းအပေါ် U.K အမျိုးသားဆိုက်ဘာလုံခြုံရေးစင်တာက မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဒါပေမယ့် Huawei ရဲ့ နည်းပညာနဲ့ ဆိုက်ဘာလုံခြုံရေးအကြောင်း နားလည်သိရှိထားပြီး၊ အထူးစစ်ဆေးကြပ်မတ်မှုတွေ ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

“ရွေးချယ်စရာနည်းလမ်းအများအပြားကို လေ့လာစစ်ဆေးနေပြီး နွေဦးရာသီမှာ အပြီးသတ် ဆုံးဖြတ်ချက်ချပေးသွားမှာပါ။ အခုတော့ ဘာဆုံးဖြတ်ချက်မှ မချရသေးပါဘူး” လို့ ယဉ်ကျေးမှု၊ မီဒီယာနဲ့ အားကစား ဝန်ကြီးဌာနက တနလာၤနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

အကယ်၍သာ UK က 5G ကွန်ရက်အတွက် Huawei စက်ပစ္စည်းတွေ အသုံးပြုနိုင်ကြောင်း ဆုံးဖြတ်ချက် ချခဲ့မယ်ဆိုရင် လန်ဒန်အစိုးရနဲ့ ဝါရှင်တန်အစိုးရတို့အကြား ဆက်ဆံရေးတင်းမာမှုတွေ ရှိလာနိုင်ပါတယ်။

အမေရိကန်ပြည်ထောင်စု၊ U.K၊ သြစတြေးလျ၊ ကနေဒါနဲ့ နယူးဇီလန်တို့ဟာ “စက္ခုငါးသွယ်” (Five Eyes) လို့ လူသိများတဲ့ သတင်းအချက်အလက်မျှဝေရေး မဟာမိတ်အဖွဲ့ဝင်နိုင်ငံတွေ ဖြစ်ပါတယ်။ အဖွဲ့ဝင်နိုင်ငံတနိုင်ငံဖြစ်တဲ့ U.K ကသာ Huawei နည်းပညာကို ခွင့်ပြုလိုက်မယ်ဆိုရင် အမေရိကန်ရဲ့ ပိတ်ပင်တားမြစ်မှုတွေကို အားလျော့သွားစေနိုင်ပြီး၊ မဟာမိတ်နိုင်ငံတွေအကြား စိတ်ဝမ်းကွဲမှုတွေ ဖြစ်လာနိုင်ပါတယ်။

လက်ရှိအချိန်မှာတော့ Vodafone၊ EE နဲ့ Three အပါအဝင် ဗြိတိန်ရဲ့ မိုဘိုင်းဆက်သွယ်ရေးကုမ္ပဏီအများစုဟာ 5G ကွန်ရက် ဖော်ဆောင်ရာမှာ Huawei နဲ့ လက်တွဲဆောင်ရွက်လျက်ရှိပါတယ်။ Huawei နည်းပညာတွေ အသုံးပြုခွင့် ရ၊မရ ကိုတော့ အစိုးရရဲ့ လေ့လာစစ်ဆေးမှုကို စောင့်စားနေကြပြီး၊ အဖြေကို မတ်လ ဒါမှမဟုတ် ဧပြီလ အတွင်း သိရမှာပါ။

Ref: CNN, BBC

Did you find apk for android? You can find new Free Android Games and apps.
Loading