ပကတိယောင်နည်းပညာသုံး Virtual Reality Headset (VR ခေါင်းစွပ်) အများစုဟာ မှုန်ဝါးတဲ့ မြင်ကွင်းတွေကိုပဲ ပေးစွမ်းနိုင်ပါတယ်။ VR ခေါင်းစွပ်တွေရဲ့ အဆိုပါ အားနည်းချက်ကို ဖြေရှင်းပေးနိုင်မယ့် ရုပ်ထွက် အရည်အသွေးမြင့် VR ခေါင်းစွပ်တမျိုးကို ဖင်လန်အခြေစိုက် Varjo ကုမ္ပဏီက ဖန်တီး ထုတ်လုပ်လိုက်ပါတယ်။
Varjo VR-1 လို့ အမည်ပေးထားတဲ့ VR ခေါင်းစွပ်ဟာ သာမန်မျက်စိနဲ့ မြင်တွေ့နေရသလို ရုပ်ထွက်အရည်အသွေးကို ပေးစွမ်းနိုင်မယ့် ကမ္ဘာ့ပထမဆုံး VR ခေါင်းစွပ်တခု ဖြစ်ပါတယ်။ မြင်ကွင်းဒီဂရီတခုမှာ ရုပ်ထွက်အရည်အသွေး 60 pixels ရှိပြီး၊ အခြား VR ခေါင်းစွပ်တွေထက် ၁၀ နီးပါး ပိုများပါတယ်။
Facebook ပိုင် Oculus Rift DK1 ခေါင်းစွပ်ဟာ မြင်ကွင်းဒီဂရီတခုမှာ 7 pixels ပဲ ပေးစွမ်းနိုင်ပါတယ်။ ကုန်ပစ္စည်းဒီဇိုင်နာတွေ၊ အင်ဂျင်နီယာတွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံးအက်ပလီကေးရှင်းတွေအပြင် အခြားသော လေ့ကျင့်ရေးနဲ့ ရုပ်ထွက်တိကျပြတ်သားမှု အရေးကြီးတဲ့ တုပပုံဖော်မှု (Simulation) တွေမှာ အသုံးချဖို့ ရည်ရွယ် ထုတ်လုပ်ထားတဲ့ လုပ်ငန်းသုံး VR ခေါင်းစွပ်တခု ဖြစ်ပါတယ်။ ဈေးကလည်း မသေးတဲ့အတွက် သာမန် ဂိမ်းဆော့၊ ဖျော်ဖြေမှုတွေအတွက် အသုံးပြုဖို့အတွက်ကတော့ လက်လှမ်းမီနိုင်ဦးမှာ မဟုတ်ပါဘူး။
VR-1 မှာ အလယ်မျက်နှာပြင်ကို 1920×1080 pixels အရည်အသွေးရှိတဲ့ micro-LED “Bionic Display” ကို အသုံးပြုထားကာ၊ တလက်မကို 3,000 pixels အထိ ပါရှိပါတယ်။ Google နဲ့ LG တို့က မနှစ်က ထုတ်ဖော်ပြသခဲ့တဲ့ ရှေ့ပြေး VR Display တွေမှာတောင် 1443 ppi ပဲ ရှိတာပါ။
အဆိုပါ အလယ်မျက်နှာပြင်ဟာ လူ့မျက်စိနဲ့ မြင်ရတဲ့ ရုပ်ထွက်အတိုင်း ပေးစွမ်းနိုင်မယ်လို့ Varjo က ဆိုပါတယ်။ အနားစွန်းမြင်ကွင်းတွေအတွက်လည်း သာမန်ထက် ကောင်းမွန်တဲ့ အရည်အသွေးရှိ 1440 x 1600 pixels မျက်နှာပြင်ကို အသုံးပြုထားပါတယ်။ မျက်စိနဲ့ ကြည့်တဲ့မြင်ကွင်းအတိုင်း cursor လိုက်ချပေးနိုင်မယ့် Eye-tracking နည်းပညာလည်း VR-1 ခေါင်းစွပ်မှာ ပါဝင်မှာပါ။ ကွန်ပျူတာနဲ့ ချိတ်ဆက်ဖို့အတွက် ဖိုင်ဘာနဲ့ USB Type-C သုံး ကြိုး ပါရှိပြီး၊ ၁၀ မီတာ အရှည်ရှိတဲ့အတွက် လွတ်လွတ်လပ်လပ် လှုပ်ရှားအသုံးပြုနိုင်မှာပါ။
VR နည်းပညာဟာ ဗိသုကာနဲ့ ထုတ်ကုန်ဒီဇိုင်း နယ်ပယ်တွေမှာ ပရောဂျက်တွေကို အချိန် ပိုမိုမြန်ဆန်စွာ ပြီးစီးစေနိုင်မယ့် နည်းပညာတခု ဖြစ်လာမယ်လို့ ပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။ Varjo ကုမ္ပဏီကလည်း AirBus၊ Volvo၊ Audi စတဲ့ နာမည်ကြီးထုတ်လုပ်ရေးကုမ္ပဏီတွေနဲ့ ပူးပေါင်းထားပါတယ်။
“အရည်အသွေးမြင့်ကားတွေကို အရည်အသွေးမြင့်စက်ပစ္စည်းတွေနဲ့ပဲ ထုတ်လုပ်နိုင်ပါတယ်။ VR နဲ့ ဒီဇိုင်းဆင်ဖို့အတွက် Varjo ရဲ့ ရုပ်ထွက်အရည်အသွေးမြင့် ခေါင်းစွပ်မျိုး လိုအပ်ပါတယ်။ VR-1 ခေါင်းစွပ်ကြောင့် တကယ့်ကမ္ဘာနဲ့ အတုအယောင်ကမ္ဘာတို့ကို လှစ်ဟကွာခြားမှုမရှိ ဆောင်ရွက်နိုင်မှာပါ” လို့ Audi ကုမ္ပဏီရဲ့ Augmented & Virtual Reality နည်းပညာဌာနမှာ လုပ်ကိုင်နေသူ Jan Pflueger က ဆိုပါတယ်။
ဒေါ်လာ ၆,၀၀၀ ဈေးအပြင် တနှစ်ကို ဝန်ဆောင်မှုအဖိုးအခ ၉၉၅ ဒေါ်လာ ပေးရမယ့် Varjo VR-1 ခေါင်းစွပ်ကို ၂ နှစ် အချိန်ယူ ဖန်တီးခဲ့ပြီး၊ Autodesk VRED၊ Unreal၊ Unity စတဲ့ ပရော်ဖက်ရှင်နယ်သုံး 3D ဆော့ဖ်ဝဲနဲ့ အင်ဂျင်တွေ အသုံးပြုနိုင်ပါတယ်။ Bionic Display ဟာ ဒီဇိုင်းပုံသဏ္ဍာန်တွေ၊ ကောက်ကြောင်းမျဉ်းတွေ၊ စာသားတွေနဲ့ အနုစိတ်အချက်အလက်တွေကို တကယ့် သဘာဝကျကျ ဖော်ပြပေးနိုင်မှာပါ။
Varjo ကုမ္ပဏီဟာ ရင်းနှီးမြှပ်နှံငွေ ဒေါ်လာ ၄၆ သန်း ရရှိထားပြီး၊ VR-1 ခေါင်းစွပ်က ကုမ္ပဏီရဲ့ တခုတည်းသော ထုတ်ကုန်ဖြစ်ပါတယ်။ Varjo ဝန်ထမ်းတွေမှာ Nokia၊ Microsoft၊ NVIDIA နဲ့ Intel တို့မှာ လုပ်ကိုင်ခဲ့တဲ့ အင်ဂျင်နီယာတွေ ပါဝင်ပါတယ်။
Ref: Ars Technica, The Verge, ZD Net